digital media literacy
တည်နေရာ အချက်အလက် အန္တရာယ် (Geolocation Risks)
လွန်ခဲ့သော ၈ နာရီ က
BAP၊ ဒစ်ဂျစ်တယ်နှင့် မီဒီယာ နားလည်ကျွမ်းဝင်မှု အစီအစဥ်။
ကျွန်တော်တို့ရဲ့ ဖုန်းတွေဟာ ကျွန်တော်တို့ ဘယ်နေရာ ရှိနေတယ်၊ ဘယ်နေရာတွေကို သွားခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။ ပြဿနာက ဖုန်းတွေဟာ တည်နေရာအချက်အလက်တွေကို တခြားသူတွေနဲ့ ပြန်ပြီး မျှဝေလေ့ရှိတာ ဖြစ်ပါတယ်။ iPhone နဲ့ Android တွေမှာ ပါဝင်တဲ့ ကာကွယ်ရေးစနစ်သစ်တွေ ရှိနေတာတောင်မှ တည်နေရာကို မျှဝေပေးနေတဲ့ အန္တရာယ်က ရှိနေဆဲပါပဲ။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ 404media ရဲ့ တင်ပြချက်မှာ Gravy Analytics လို့ ခေါ်တဲ့ တည်နေရာအချက်အလက် စုစည်းတင်ပြသူအဖွဲ့အစည်းကို ဟက်ကာတွေက ချိုးဖောက်ဝင်ရောက်ခဲ့ပြီး သုံးစွဲသူစာရင်း၊ ကျယ်ပြန့်တဲ့ လုပ်ငန်းတွေရဲ့ အချက်အလက်တွေ၊ လူတွေရဲ့ အသေးစိတ်ရွေ့လျားမှုကို ဖော်ပြနေတဲ့ စမတ်ဖုန်းတွေဆီက ရယူထားတဲ့ တည်နေရာအချက်အလက်တွေကို ခိုးယူခဲ့ကြပါတယ်။ ပြီးတော့ အများမြင်နိုင်တဲ့နေရာမှာ ဖြန့်ချီခဲ့ကြပါတယ်။
Gravy Analytics ဆိုတာကတော့ နှစ်ပေါင်းများစွာ တည်နေရာအချက်အလက် လုပ်ငန်းလုပ်ကိုင်နေတဲ့ အထင်ကရ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာအနှံ့ စမတ်ဖုန်းတွေရဲ့ တည်နေရာအချက်အလက်တွေကို စုစည်းပြီး အချို့ကို အမေရိကန် အစိုးရကို ရောင်းချခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းထံက အချက်အလက်ပေါင်းများစွာကို ဟက်ကာတွေက ခိုးယူခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေမှာ သုံးစွဲသူအမည်မဖော်ပြထားတဲ့ အချက်အလက်တွေကိုလည်း ရယူဖော်ပြနိုင်တယ်လို့ ဆိုပါတယ်။
ပေါက်ကြားသွားတဲ့ အချက်အလက်တွေထဲမှာ လူတွေ ဘယ်မှာနေလဲ၊ ဘယ်မှာ အလုပ်လုပ်လဲ၊ ဘယ်တွေကို ခရီးသွားလဲဆိုတာကို ဖော်ထုတ်နိုင်တဲ့ အချိန်နဲ့အမျှ သွားလာလှုပ်ရှားမှု ပုံစံတွေ (locations visited over time) အသေးစိတ် ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ပေါက်ကြားသွားတဲ့ Coordinates (တည်နေရာ အမှတ်များ) ထဲမှာ White House၊ Kremlin နဲ့ Vatican လို အထိခိုက်မခံတဲ့ နေရာတွေ ပါဝင်ပြီး လူပုဂ္ဂိုလ်တွေကို ခွဲခြားသတ်မှတ်နိုင်တယ်လို့ Analysts (ခွဲခြမ်းစိတ်ဖြာသူတွေ) က မှတ်ချက်ပြုတဲ့အတွက် ဒီကိစ္စက Privacy (ပုဂ္ဂလိက လွတ်လပ်ခွင့်) နဲ့ National Security (နိုင်ငံတော် လုံခြုံရေး) စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။
ဒစ်ဂျစ်တယ်ခေတ်မှာ တည်နေရာအချက်အလက်ဆိုတာ ကိုယ့်ရဲ့ စက်ကိရိယာတွေကနေ ထုတ်လုပ်လိုက်တဲ့ တန်ဖိုးအရှိဆုံး၊ အထိခိုက်မခံဆုံး အချက်အလက်တွေအနက် တစ်ခုဖြစ်ပါတယ်။ Electronic Frontier Foundation ရဲ့ အဆိုအရ ဒီအချက်အလက်တွေကို ဖုန်းတွေကနေ ရယူခဲ့တာ မဟုတ်ဘဲ app တွေကနေ ရယူခဲ့တာလို့ ဆိုပါတယ်
“ခင်ဗျားကို ဦးတည်ပစ်မှတ်ထားတဲ့ ကြော်ငြာတစ်ခုကို မြင်ရတိုင်းမှာ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးအချက် အလက်တွေဟာ အချိန်နှင့်တပြေးညီ ဈေးပြိုင်ပေး ကမ်းလှမ်းခြင်း RTB(real-time bidding)လုပ်ငန်းစဥ်ကို ဖြတ်သန်းပြီး ထောင်ပေါင်းများစွာသော ကြော်ငြာရှင်တွေနဲ့ အချက်အလက်ပွဲစားတွေဆီကို ရောက်ရှိသွားပါတယ်။ ဒီလုပ်ငန်းစဥ်က ကြော်ငြာတွေ ပြပေးရုံပဲ မဟုတ်ပါဘူး။ အစိုးရရဲ့ စောင့်ကြည့်ရေးအစီအစဥ်တွေကို ထောက်ပံ့အားပေးတယ်။ နိုင်ငံတော် လုံခြုံရေးအန္တရာယ်တွေ ဖြစ်ပေါ်စေတယ်။ ပြီးတော့ အချက်အလက်ပွဲစားတွေက ခင်ဗျားရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို လွယ်လွယ်ကူကူ အသုံးပြုခွင့် ရစေတယ်။ RTB ဆိုတာ ခင်ဗျား လုံးဝမကြားဖူးသေးတဲ့ ကိုယ်ရေးလွတ်လပ်မှုကို ထိုးဖောက်ဝင်ရောက်တဲ့ စောင့်ကြည့်စနစ် ဖြစ်နိုင်ပါတယ်။” လို့ ဆိုပါတယ်။
ဒစ်ဂျစ်တယ်ခေတ်မှာ တည်နေရာအချက်အလက်ဆိုတာ ကိုယ့်ရဲ့ စက်ကိရိယာတွေကနေ ထုတ်လုပ်လိုက်တဲ့ တန်ဖိုးအရှိဆုံး၊ အထိခိုက်မခံဆုံး အချက်အလက်တွေအနက် တစ်ခုဖြစ်ပါတယ်။ လမ်းကြောင်းပြ app တွေ မိုးလေဝသ app တွေကနေ ဆိုရှယ်မီဒီယာနဲ့ ကြော်ငြာလုပ်ငန်းတွေအထိ သင်ဘယ်နေရာကို ရောက်နေတယ်၊ ဘယ်နေရာတွေကို သွားခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို ပုံမှန် စုဆောင်း မျှဝေနေကြပါတယ်။
ကားငှားတဲ့အခါ တည်နေရာကို ပြသရတာ လွယ်ကူမယ်၊ ဈေးဆိုင်၊ ဆေးရုံစတဲ့ နေရာတွေကို ရှာဖွေရတာ လွယ်ကူမယ်၊ သင်ခရီးသွားရမယ့်နေရာမှာ မိုးရွာမလား၊ နေပူနေလား ကြိုတင်သိရှိနိုင်မယ် စတဲ့ သင့်ကို လွယ်ကူသက်သာစေနိုင်တဲ့ ကောင်းကျိုးတွေ ရရှိစေသလို ပုဂ္ဂိုလ်ရေးအချက်အလက်နဲ့ လုံခြုံရေး အန္တရာယ်တွေလည်း ဖန်တီးပေးနေပါတယ်ဆိုတာ သုံးစွဲသူအများအပြား မသိရှိကြသေးပါ။
တည်နေရာအချက်အလက်ဆိုတာ ဘာလဲ?
Geolocation data တည်နေရာအချက်အလက်ဆိုတာ စက်ကိရိယာ(စမတ်ဖုန်း စတာ)တွေ ဒါမှမဟုတ် အသုံးပြုသူတစ်ဦးရဲ့ တည်နေရာကို ဖော်ပြတဲ့အချက်လက်တွေကို ဆိုလိုပါတယ်။ စမတ်ဖုန်းတွေဟာ GPS၊ Wi-Fi Network တွေ၊ Buletooth နဲ့ ဆဲလ်လူလာချိတ်ဆက်မှု နည်းပညာတွေကနေတဆင့် တည်နေရာအချက်အလက်တွေ ရယူနိုင်ကြပါတယ်။ ဆက်သွယ်ရေး ဆဲလ်လူလာ တာဝါတိုင်တစ်ခုကို ဖြစ်စေ၊ Wi-Fi တစ်ခုကိုဖြစ်စေ၊ GPS ဆက်သွယ်မှုတစ်ခုကိုဖြစ်စေ ချိတ်ဆက်လိုက်တိုင်းမှာ စမတ်ဖုန်းတွေက တည်နေရာအချက်အလက်တွေကို ဆက်သွယ်လိုတဲ့ app နဲ့ ဝန်ဆောင်မှုတွေ ဖမ်းယူသိရှိနိုင်အောင် ထုတ်လွှင့်ဖြန့်ချီပေးရပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ဒီအချက်အလက်တွေဟာ လူတစ်ဦးရဲ့ ရွေ့လျားသွားလာမှု၊ ပုံမှန်သွားလာနေကြ လမ်းကြောင်းတွေရဲ့ အသေးစိတ်မြေပုံကို ဖန်တီးပေးပါတယ်။
တည်နေရာအချက်အလက်တွေမှာ
- နေ့စဥ်သွားလာမှု လမ်းကြောင်းတွေ
- ပုံမှန် သွားလေ့ရှိတဲ့ နေရာတွေ
- ဆေးရုံ၊ စုဝေးဆုတောင်းရာနေရာ၊ နိုင်ငံရေးအခမ်းအနားစတဲ့ အရေးကြီးလှုပ်ရှားမှုတွေရဲ့ တည်နေရာအချက်အလက်တွေ ပါဝင်နိုင်ပါတယ်။
ဒီအချက်အလက်တွေကို အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်ကိုတောင် တောင်းခံထားခြင်းမရှိဘဲ မကြာခဏဆိုသလို အခြားသူတွေက ရယူသုံးစွဲနေကြတာဖြစ်နိုင်ပါတယ်
တည်နေရာ အချက်အလက်တွေဟာ ကိုယ်ဘယ်မှာ ရှိနေတယ်ဆိုတာကို ပြောပြတာထက် ပိုပါတယ်။ ကိုယ့်ရဲ့ အမူအကျင့်တွေ၊ မိတ်ဆွေ အသိုင်းအဝိုင်းတွေ၊ ယုံကြည်ချက်တွေနဲ့ ကိုယ်ရေးကိုယ်တာ ဘဝဆီကို တံခါးဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဥပမာ- ဆေးကုသရေး ဆေးခန်းတွေ ဒါမှမဟုတ် လူမှုရေး စင်တာတွေဆီ သွားရောက်တာကို ခြေရာခံခြင်းက အထိခိုက်မခံတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ထုတ်ဖော်ခံရမယ့် အန္တရာယ် ရှိစေနိုင်တယ်။
အချိန်ကြာလာတာနဲ့အမျှ လုံလောက်တဲ့ တည်နေရာ အချက်အလက်တွေ စုဆောင်းပြီး "ကိုယ်ရေးအချက်အလက် ပုံစံများ (profiles)" ကို တည်ဆောက်ယူနိုင်တယ်။ Machine-learning (စက်သင်ယူမှု) နည်းပညာတွေက ဒီအန္တရာယ်ကို ပိုများလာအောင် ကူညီပေးနိုင်တယ်။ ခန့်မှန်းခြေ တည်နေရာ အချက်အလက် (မီတာ ၁၀၀-၂၀၀ အတွင်း) ကတောင် Algorithms (တွက်ချက်မှု စနစ်) တွေကို အသုံးပြုသူတစ်ဦးရဲ့ အလေ့အကျင့်တွေ၊ စိတ်ဝင်စားမှုတွေ ဒါမှမဟုတ် လူမှုရေး/နိုင်ငံရေး ဆက်နွယ်မှုတွေကို ကောက်ချက်ဆွဲဖို့ အခွင့်အလမ်းတွေ ပေးပါတယ်။
Machine-learning (စက်သင်ယူမှု) နဲ့ AI (အထူးသဖြင့် Vision-language models) မှာ တိုးတက်မှုတွေကြောင့် အွန်လိုင်းမှာ Share ထားတဲ့ Images (ပုံများ) ကို Geolocate (တည်နေရာ ဖော်ထုတ်) နိုင်ပြီဖြစ်ပါတယ်။ ဆိုလိုတာက ရှင်းလင်းတဲ့ GPS metadata မပါဘဲတောင် ဓာတ်ပုံတွေ (ဥပမာ- Social media က ပုံများ) ကနေ တည်နေရာ ပေါက်ကြားနိုင်တယ်။
ဓာတ်ပုံတွေ ဒါမှမဟုတ် Check-ins တွေကို Share လုပ်တဲ့အခါ Visual data (ပုံရိပ်အချက်အလက်) သက်သက်ကတောင် အစွမ်းထက်တဲ့ AI tools တွေအတွက် သင့်ရဲ့ တည်နေရာ ကို ခန့်မှန်းဖို့ လုံလောက်နိုင်တယ်ဆိုတာ သတိရပါ။
IoT devices (အင်တာနက် ချိတ်ဆက် ကိရိယာများ) နဲ့ Connected services (ချိတ်ဆက် ဝန်ဆောင်မှုများ) ပေါများလာခြင်းက Location tracking (တည်နေရာ ခြေရာခံခြင်း) ဟာ အရင်ကထက် ပိုပြီး ပျံ့နှံ့နေတယ်လို့ ဆိုလိုတယ်။ Smartphones (စမတ်ဖုန်း) ကနေ Connected cars (ချိတ်ဆက်ထားတဲ့ ကားများ)၊ Wearables (ဝတ်ဆင်နိုင်သော ကိရိယာများ)၊ အိမ်သုံး ကိရိယာများအထိ အချက်အလက် ပေါက်ကြားမှုတွေ ပိုမိုဖြစ်ပေါ်လာစေတယ်။
Geolocation Risks (တည်နေရာ ဖော်ထုတ်ခြင်းရဲ့ အန္တရာယ်တွေ) ဟာ လူတိုင်းကို သက်ရောက်မှု ရှိနိုင်ပါတယ်။ တချို့တွေအတွက်ကတော့ ပိုပြီး အန္တရာယ် များပါတယ်။
• နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ
• ဂျာနယ်လစ်တွေနဲ့ လူ့အခွင့်အရေး ကာကွယ်သူများ
• အိမ်တွင်း အကြမ်းဖက်မှုကနေ လွတ်မြောက်လာသူများ
• စောင့်ကြည့်ခံနေရတဲ့ အကျဥ်ခံ အသိုင်းအဝိုင်းများ
• စစ်ဘက်နဲ့ လုံခြုံရေး ဝန်ထမ်းများ
ဒီအုပ်စုတွေအတွက် Location leaks (တည်နေရာ ပေါက်ကြားမှုတွေ) က ခြိမ်းခြောက်ခံရတာ၊ ဖမ်းဆီးခံရတာ၊ အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် ပိုဆိုးတဲ့ အခြေအနေတွေဆီ ဦးတည်သွားနိုင်ပါတယ်။
၂၀၂၅ ခုနှစ်အစောပိုင်းမှာ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (U.S. National Securicity Agency) က iPhone နဲ့ Android အသုံးပြုသူတွေကို တည်နေရာခြေရာခံမှုအကြောင်း သတိပေးချက်ကို အများသိအောင် ထုတ်ပြန်ခဲ့ပါတယ်။ NSA က အသုံးပြုသူတွေအနေနဲ့ app တွေရဲ့ ခွင့်ပြုချက် (permissions) တွေကို ပြန်လည်သုံးသပ်ပြီး ကန့်သတ်မှုတွေ ပြုလုပ်ရန်၊ မလိုအပ်တဲ့ တည်နေရာ ရယူခွင့်တွေကို ပိတ်ထားရန်၊ advertising ID ကို ပုံမှန် reset ပြုလုပ်ရန် အကြံပြုထားပါတယ်။
တည်နေရာအချက်အလက် အန္တရာယ်လျှော့ချရန် နည်းလမ်းများ
တည်နေရာ ခြေရာခံမှုအားလုံးကို ဖြတ်တောက်ဖို့ မဖြစ်နိုင်သလောက်ပါ။ ဒါပေမယ့် ထိရောက်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။
Advertising ID ဆိုတာ ဘာလဲ၊ ဘယ်လို reset လုပ်ရမလဲ
Advertising ID ဆိုတာ iOS နဲ့ Android တို့က စမတ်ဖုန်း၊ Tablet တွေမှာ မည်သူမည်ဝါ မသိရှိနိုင်အောင် သတ်မှတ်ထားတဲ့ နံပါတ်တစ်ခု ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကြော်ငြာရှင်တွေ၊ app ရေးသားထုတ်လုပ်သူတွေက အသုံးပြုသူရဲ့ နာမည်စတဲ့ ကိုယ်ရေးအချက်အလက်တွေကို သိရှိစရာမလိုဘဲ အသုံးပြုသူရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို သိရှိဖို့၊ ကြော်ငြာတွေ ပြသနိုင်ဖို့ ဖြစ်ပါတယ်။
Google မှာ Google Advertising ID (GAID) လို့ အမည်ပေးထားပြီး Apple မှာ Identifier for Advertisers (IDFA) လို့ အမည်ပေးထားပါတယ်။
Android ကိရိယာတွေမှာ Advertising ID ကို Reset ပြုလုပ်ရန်အတွက် Settings > Privacy > Ads မှာ Reset Advertising ID ကို နှိပ်ပြီး အတည်ပြု (Confirm) ကို နှိပ်ပါ။
iOS အတွက်ကတော့ Settings > Privacy & Security > Tracking ကို နှိပ်ပါ။ “Allow Apps to Request to Track” ကို ပိတ်ထားလိုက်ပါ။ အတည်ပြုဖို့ မေးလာရင် အတည်ပြုပေးလိုက်ပါ။ ဒါက Third-party app တွေရဲ့ Tracking ကို ပိတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Apple ရဲ့ ကိုယ်ပိုင် app တွေမှာ ကိုယ့်ရဲ့ ခန့်မှန်းတည်နေရာ စတဲ့အချက်အလက်တွေ အသုံးမပြုဖို့ ကန့်သတ်ရမယ့် နည်းလမ်းဖြစ်ပါတယ်။
Settings > Privacy & Security > Apple Advertising (အများအားဖြင့် အောက်ဘက်မှာ ရှိပါတယ်။) Personalized Ads ကို Off ပြုလုပ်ပါ။
App တွေရဲ့ Permissions (ခွင့်ပြုချက်) တွေကို ပြန်လည်သုံးသပ်ပြီး ကန့်သတ်ပါ။
Privacy settings ထဲမှာ location အချက်အလက် ရယူအသုံးပြုလိုတဲ့ app တွေကို စစ်ဆေးပြီး မလိုအပ်ရင် location အချက်အလက် ရယူခွင့် ပိတ်ထားပါ။
App permission ကို ပုံမှန်စစ်ဆေးပါ။
မလိုအပ်ဘဲ ဖွင့်မထားသင့်တဲ့ Service များ
Wi-Fi၊ Bluetooth တို့ကို မလိုအပ်ရင် မဖွင့်ထားပါနှင့်။ Airplane mode ကို လိုအပ်ချက်အရ ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်။
တည်နေရာအချက်အလက်များ အလွန်အကျွံ မျှဝေခြင်းကို ရှောင်ကြဥ်ပါ။
သင့်ရဲ့ တည်နေရာကို ဖော်ပြနေတဲ့ စာ၊ ဓာတ်ပုံ၊ မြေပုံနဲ့ အချက်အလက်တွေ၊ Check-in နဲ့ တည်နေရာအချက်အလက်ထည့်သွင်းထားတဲ့
ဓာတ်ပုံတွေ ဒါမှမဟုတ် Check-ins တွေကို Share လုပ်တဲ့အခါ Visual data (ပုံရိပ်အချက်အလက်) သက်သက်ကတောင် အစွမ်းထက်တဲ့ AI tools တွေအတွက် ကိုယ့်ရဲ့ တည်နေရာ ကို ခန့်မှန်းနိုင်ချေရှိတယ်ဆိုတာ သတိရပါ။
ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့အခါ တည်နေရာအချက်အလက်တွေ ထည့်သွင်းခြင်းမှ ရှောင်ကြဥ်လိုရင်
Android အတွက် Camera app > Setting icon ဖြစ်တဲ့
ဒါမှမဟုတ် ••• > “Location Tags”၊ “Save location”၊ “Geo-tagging” တို့ကို ရှာပြီး ပိတ်ထားပါ။
နောက်ထပ်တစ်နည်းကတော့ Settings > Apps > Camera > Permissions > Location မှာ “Don’t Allow.” ကို ရွေးချယ်နိုင်ပါတယ်။
အရင်က ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကနေ တည်နေရာအချက်အလက်တွေ ဖယ်ရှားဖို့အတွက်ကတော့ Google Photos ဒါမှမဟုတ် Gallery app ကို ဖွင့်ပါ။ Info icon ဖြစ်တဲ့ ⓘ ဒါမှမဟုတ် ••• ကို နှိပ်ပါ။ map ဒါမှမဟုတ် location address အောက်က Edit icon ဒါမှမဟုတ် ခဲတံပုံ icon ကိုနှိပ်ပြီး Remove location ကို နှိပ်ပါ။ အတည်ပြုချက်ပေးပါ။
iOS အတွက် Settings > Location Services > Camera မှာ “Allow Location Access” ကို Never ကိုရွေးပါ။
အရင်က ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို တည်နေရာအချက်အလက်တွေ ဖယ်ရှားပြီး share လုပ်လိုရင် Photos app မှာ ဓာတ်ပုံတွေကို ရွေးပါ။ Share icon ↑ ကို ရွေးပါ။ Options > Include မှာ Location ကို ပိတ်ပါ။
နောက်တစ်နည်းကတော့ Photos app မှာ Info icon ⓘ ကို နှိပ်ပါ။ location information ဘေးက Adjust ကို နှိပ်ပါ။ No Location ကို နှိပ်ပါ။
ခေတ်သစ် ဒစ်ဂျစ်တယ် လူမှုဘဝတွေမှာ တည်နေရာ အချက်အလက်တွေကြောင့် ကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်က အသိုင်းအဝိုင်းတွေကို ထိခိုက်မှုမရှိရအောင် ဒီလိုနည်းလမ်းတွေနဲ့ သတိပြုလုပ်ဆောင်နိုင်ပါတယ်။
Burma Assoicated Press
Top News
လွန်ခဲ့သော ၈ နာရီ က
လွန်ခဲ့သော ၅ ရက် က