bap-logo
International

မိုဘိုင်းဖုန်းနှင့် ဦးနှောက်ကင်ဆာ ဆက်စပ်မှုမရှိဟု WHOမှ ထောက်ခံထားသော လေ့လာမှုတွင် တွေ့ရှိ

tfSd3qKiGXR33kn1tn7no-image

လွန်ခဲ့သော တစ်နှစ် က

 

မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ဦးနှောက်ကင်ဆာ ဖြစ်နိုင်ချေ တိုးမြင့်မှုမှာ အဆက်အစပ်မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ပေးထားသည့် လေ့လာသုံးသပ်မှုအသစ်တွင် ဖော်ပြထားသည်။

 

ကြိုးမဲ့နည်းပညာ အသုံးပြုမှု ကြီးမားစွာ မြင့်တက်လာသော်လည်း ဦးနှောက်ကင်ဆာတိုးမြင့်လာမှုမရှိဟု အင်္ဂါနေ့တွင် ဖြန့်ချိခဲ့သည့် လေ့လာသုံးသပ်ချက်တွင် ဖော်ပြထားသည်။ အချိန်ကြာမြင့်စွာ ဖုန်းပြောသူများနှင့် မိုဘိုင်းဖုန်းကို ဆယ်စုနှစ်တစ်ခုကျော် အသုံးပြုခဲ့သူများတွင်ပင် ယင်းအန္တရာယ်တိုးမြင့်လာခြင်းမရှိဟု ဆိုသည်။

 

နောက်ဆုံးပြုလုပ်ခဲ့သည့် ဆန်းစစ်အကဲဖြတ်ချက်တွင် ၁၉၉၄ မှ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ ၁၀ နိုင်ငံမှ စုံစမ်းစစ်ဆေးရေးမှူး ၁၁ ဦးက ဆန်းစစ်အကဲဖြတ်ခဲ့သည့် လေ့လာမှု ၆၃ ခု ပါဝင်သည်။ ၎င်းဆန်းစစ်အကဲဖြတ်မှုများတွင် ဩစတြေးလျအစိုးရ၏ ဓာတ်ရောင်ခြည်သင့်မှု ကာကွယ်ရေး အာဏာပိုင်များလည်း ပါဝင်သည်။

 

မိုဘိုင်းဖုန်းများ၊ ရုပ်မြင်သံကြားစက်များ၊ ကလေးငယ် စောင့်ကြည့်ကိရိယာများ၊ ရေဒါများတွင် အသုံးပြုသည့် ရေဒီယို ကြိမ်နှုန်းများ၏ သက်ရောက်မှုကို အကဲဖြတ် ဆန်းစစ်ခဲ့ကြသည်ဟု နယူးဇီလန်၊ Auckland တက္ကသိုလ်မှ ကင်ဆာ ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ် ပါမောက္ခ၊ လေ့လာသုံးသပ်ချက် ပူးတွဲရေးသားသူ Mark Elwood က ပြောသည်။

 

အဓိကမေးခွန်းတွေအပေါ် လေ့လာထားသမျှ တစ်ခုမှ ဖြစ်နိုင်ချေတိုးလာတယ်လို့ မဖော်ပြထားပါဘူး။ဟု ၎င်းက ပြောသည်။ လေ့လာသုံးသပ်ချက်တွင် အရွယ်ရောက်ပြီးသူများနှင့် ကလေးသူငယ်များ၏ ဦးနှောက်ကင်ဆာများကို လေ့လာခဲ့ကာ pituitary ဂလင်း၊ salivary ဂလင်းနှင့် သွေးကင်ဆာများနှင့် မိုဘိုင်းဖုန်းအသုံးပြုမှု၊ အခြေစိုက်ဆက်သွယ်ရေးစခန်းများ၊ ထုတ်လွှင့်စက်များသာမကာ အလုပ်အကိုင်အရ ထိတွေ့မှုတို့ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆက်စပ်အန္တရာယ်များကိုလည်း လေ့လာခဲ့သည်။ အခြားသော ကင်ဆာအမျိုးအစားများအတွက် သီးခြားတင်ပြသွားမည်ဖြစ်သည်ဟု ဆိုသည်။

 

၎င်းလေ့လာသုံးသပ်ချက်သည် အလားတူ လေ့လာချက်များနှင့်လည်း ကိုက်ညီနေသည်။ WHO နှင့် အခြားသော နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများက ယခင်ကပင် မိုဘိုင်းဖုန်းများအသုံးပြုသော ဓါတ်ရောင်ခြည်မှ ကျန်းမာရေးဆိုင်ရာ ဆိုးရွားသောသက်ရောက်မှုများဖြစ်ပေါ်စေသည်ဟု တိကျသော အထောက်အထားမရှိပါဟု ဆိုခဲ့သော်လည်း သုတေသနများ ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီ (IARC) က လက်ရှိတွင် မိုဘိုင်းဖုန်း ဓာတ်ရောင်ခြည်ကို "ကင်ဆာဖြစ်ပွားစေသည့် အလားအလာရှိ” class 2B ဟု အဆင့်သတ်မှတ်ထားပြီး ဆက်စပ်မှုအလားအလာကို ဖယ်ထုတ်ထားနိုင်ခြင်းမရှိပါ။

 

၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့သော နောက်ဆုံးအကဲဖြတ်ဆန်းစစ်ချက်ကို အချက်အလက်သစ်များရရှိလာသည်နှင့် အဆင့်သတ်မှတ်ချက် ပြန်လည်သုံးသပ်သွားရန် ၎င်းအေဂျင်စီ၏ အကြံပေးအဖွဲ့က တောင်းဆိုထားသည်။

 

WHO အကဲဖြတ်ဆန်းစစ်ချက်ကို နောက်နှစ် ပထမလေးလပတ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

 

ကိုးကား - Reuters

ပုံစာ - ၂၀၂၀ ခုနှစ် ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့တွင် 5G နည်းပညာကို ကန့်ကွက်ဆန္ဒပြသနေစဉ်အတွင်း "Stop 5G” ကဒ်ပြားကိုင်ဆောင်ထားသည့် မိုဘိုင်းအသုံးပြုသူ အမျိုးသမီးတစ်ဦး။ (Inquam Photos/Octav Ganea via REUTERS/File Photo)

 

Burma Associated Press

Mobile Phone
Brain cancer
WHO

Share With
bap-logo