bap-logo
International

ဩစတေးလျက ရုရှားသူလျှိုဂိုဏ်းကို ဖော်ထုတ်၍ တိတ်တဆိတ် နှင်ထုတ်

j66fEo3zoPa9wQ4GYGMBr-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၅

 

ဩစတြေးလျအာဏာပိုင်များသည် နိုင်ငံအတွင်း သံတမန်အသွင်ယူ လှုပ်ရှားနေသည့် ရုရှားသူလျှိုဂိုဏ်းကြီး တစ်ခုကို ဖော်ထုတ်၍ အဖွဲ့ဝင်များကို တိတ်တဆိတ် နှင်ထုတ်ခဲ့ကြောင်း ဩစတြေးလျ ထောက်လှမ်းရေး အကြီးအကဲ၏ ပြောကြားချက်ကို ကိုးကား၍ ဆစ်ဒနီ နံနက်သံတော်ဆင့်သတင်းစာက ဖော်ပြခဲ့သည်။

 

သူလျှိုဂိုဏ်းတွင် သံရုံးနှင့် ကောင်စစ်ဝန် ဝန်ထမ်းဆိုသူများအပြင် အဆင့်မြင့်အကာအကွယ် ယူထားသော ထောက်လှမ်းရေးများပါဝင်ကြောင်း တန်ပြန် ထောက်လှမ်းရေး စီမံချက်နှင့်နီးစပ်သည့် အမည်မဖော်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဆစ်ဒနီနံနက်သံတော်ဆင့်က သောကြာနေ့တွင် ဖော်ပြသည်။

 

ရုရှားသူလျှိုဂိုဏ်းသည် ဩစတေးလျတွင် ၁၈ လကြာ လှုပ်ရှားနေခဲ့ပြီး ၎င်းတို့၏ တိတ်တဆိတ် လှုပ်ရှားမှုများကို အဓိကပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ သြစတြေးလျ လုံခြုံရေး ထောက်လှမ်းရေးအဖွဲ့ (ASIO) က ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဖော်ထုတ်ရမိသော ရုရှားသူလျှိုများအား ၎င်းတို့၏ ဗီဇာကို ပယ်ဖျက်ခြင်း သို့မဟုတ် သက်တမ်း တိုးခွင့်မပြုဘဲ လွန်ခဲ့သည့် ခြောက်လအတွင်း နိုင်ငံမှ တိတ်တဆိတ် နှင်ထုတ်ခဲ့သည်။

 

အဆိုပါလုပ်ရပ်ကြောင့် မော်စကိုက ဩစတေးလျသံအမတ်များနှင့် ရုရှားရှိ ဩစတေးလျ နိုင်ငံသားများကို လက်တုံ့ပြန်မည်ကို စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

 

ASIO သည် ဩစတေးလျအစိုးရနှင့် သက်ဆိုင်သည့် လျှို့ဝှက်ချက်များအား ယခင်ဆိုဗီယက် ပြည်ထောင်စုထံ ပေးပို့မှုများကို စုံစမ်းဖော်ထုတ်ရန် ၁၉၄၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ထောက်လှမ်းရေးအဖွဲ့ ဖြစ်သည်။

 

ယခုဖော်ထုတ်ရမိသည့် ရုရှားသူလျှိုကွန်ယက်မှာ သာမန်အဖွဲ့တစ်ခုမဟုတ်ဘဲ ဂိုဏ်းကြီးတစ်ခု ဖြစ်ကြောင်း ASIO အထွေထွေအတွင်းရေးမှူးချုပ် မိုက်ခ်ဘားဂရက်စ် (Mike Burgess) ပြောကြားခဲ့သည်။ သို့သော် ဖော်ထုတ်ရမိသည့် သူလျှိုအရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။

 

"သူတို့က ကိုယ်ပွားတွေ၊ သူလျှိုတွေကို စုဆောင်းပြီး ကွန်ယက်ချဲ့ထွင်တယ်။ တခြားမသမာတဲ့ လှုပ်ရှားမှုတွေ ထဲကမှ ထိလွယ်ရှလွယ်အရေးပါတဲ့ သတင်းအချက်အလက်တွေကို ပိုပြီး လိုချင်ကြတာပါ။ နောက်ပြီး ဒီသူလျှို တွေဟာ အဆင့်အတန်းမြင့်မြင့် လေ့ကျင့်ပေးထားသူတွေဆိုတာ ကျွန်တော်တို့ အသေအချာ သိတယ်။ သူတို့ရဲ့ ကိုယ်ယောင်ဖျောက်တဲ့ လျှို့ဝှက်နည်းစနစ်တွေကလည်း တော်တော်လေး ခေတ်မီနေပါတယ်" ဟု ဘားဂရက်စ် က ဩစတေးလျရင်ဆိုင်ရသည့် နှစ်စဉ်ခြိမ်းခြောက်မှု အစီ ရင်ခံစာတွင် ထည့်သွင်းပြောကြားထားသည်။

 

Source – Al Jazeera

ပုံစာ ကမ်ဘာရာမြို့ရှိ ရုရှားသံရုံး။

 

Burma Associated Press

Russia
Australia

Share With
bap-logo