bap-logo
Politics

ခေတ်စနစ်သစ်ပြောင်း စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေး အခင်းအကျင်းမျိုးကိုမဆို ငြင်းပယ်ဟု NUCC ဆို

j3a_sSxAqa0q9MqNTMUhl-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ ဩဂုတ် ၆။

 

 

ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ငြင်းပယ်သည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ- NUCC က ယနေ့တွင် အတိအလင်းထုတ်ပြောလာသည်။

 

 

ယနေ့ ဩဂုတ်လ ၆ ရက်တွင် ပူးတွဲထုတ်ပြန်သည့် နွေဦးတော်လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲဝင် နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်သဘောထားတွင် ထိုသို့ ဆိုလာခြင်းဖြစ်သည်။

 

 

မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး (System Change) ဖြစ်ကာ အသွင်သဏ္ဍာန် သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်းမရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

“အဆိုပါ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် လက်ရှိ တရားမဝင် စစ်အာဏာ သိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမည့်အပြင် စစ်အာဏာသိမ်းသည့် အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေး တွင် ပါဝင်ပတ်သက် နေမှုကို ထာဝရ အဆုံးသတ် ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာ လက်ခံယုံကြည် သည်”

 

“အဆိုပါ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် လက်ရှိ တရားမဝင် စစ်အာဏာ သိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမည့်အပြင် စစ်အာဏာသိမ်းသည့် အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေး တွင် ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ် ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာ လက်ခံယုံကြည် သည်” ဟု လည်း ပူးတွဲထုတ်ပြန်ချက်ကဆိုသည်။

 

 

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှု ကို ချွင်းချက်မရှိ လိုက်နာ၍ ပြည်ပရန် ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော တိုင်းရင်းသား လူမျိုး ပေါင်းစုံပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်သွားမည်ဟု လည်း ကတိပြုထားသည်။

 

 

 

တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများအတွင်း သာမက လူထုလူတန်းစား အလွှာ အသီးသီးအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံအပေါ် ခေတ်အဆက် ဆက် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ စသည်တို့နှင့် စပ်လျဉ်း၍ အမှန်တရားပေါ်ပေါက်စေရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်၊ တရားမျှတမှုရရှိစေရန်၊ ထပ်မံကျူးလွန်ခံရမှုများမရှိစေရန် အသွင်ကူးပြောင်း ရေးကာလတရား မျှတမှု (Transitional Justice) လုပ်ငန်းစဉ်များကို မဖြစ်မနေ ဦးစားပေး ချမှတ် အကောင်အထည်ဖော်ဆောင်သွားမည်ဟု ဆိုသည်။

 

 

၂၀၂၁ ခုနှစ် မတ်လတွင် ထူထောင်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO)၊ နိုင်ငံရေးပါတီ၊ ပြည်နယ်/လူမျိုးစုကို အခြေခံ၍ ဖေဖော်ဝါရီ ၁ နောက်ပိုင်း ဖွဲ့ထားသည့် အတိုင်ပင်ခံကောင်စီများ ပါဝင်သည်။

 

Burma Associated Press

Transitional Justice
National Unity Consultative Council
EAO
NUG

Share With
bap-logo