bap-logo
Politics

ပြည်ပြေးဘဝမှ ပြန်လာသည့် ထိုင်းဝန်ကြီး ချုပ်ဟောင်း နိုင်ငံရေးပရမ်းပတာဖြစ်မှုတွင် ပါဝင်လာ

gD099hOPkdWFtyE2RFu01-image

လွန်ခဲ့သော ၂ နှစ် က

၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင်ဖြုတ်ချခံရသည့် သက်ဆင်သည် ခေါင်းဆောင်သစ်ရွေးချယ်ရန် ရုန်းကန်နေရသည့်အချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

 

၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းခံရပြီး ဖြုတ်ချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြည်ပြေးဘဝမှ ဘန်ကောက်သို့ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့တွင် ပြန်လည်ရောက်ရှိလာခဲ့သည်။ ယင်းကဲ့သို့ ပြန်လည်ရောက်ရှိလာခြင်းသည် လွှတ်တော်က ဝန်ကြီးချုပ်အသစ်ရွေးချယ်မဲပေးမည့်နေ့ရက်တွင် နိုင်ငံ၏ နိုင်ငံရေးဇာတ်လမ်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

 

သက်ဆင်သည် ကိုယ်တိုင်ပြည်ပြေးဘဝခံယူကာ ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သတ်၍ အကျင့်ပျက်ခြစားမှုများနှင့် အာဏာအလွဲသုံးစားမှုများကို တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။ ပြည်ပြေးဘဝဖြင့်သူသည် အင်္ဂလန်၊ ဟောင်ကောင်နှင့် ဒူဘိုင်းတို့တွင် လှည့်လည်နေထိုင်ခဲ့ကာ မျှတသောတရားစီရင်မှု မရရှိနိုင်မည်ကို စိုးရိမ်ကာ ထိုင်းနိုင်ငံမှ ရှောင်တိမ်းနေခဲ့သည်။ ၎င်းကို မျက်ကွယ်တွင် အမှုအများစုအတွက် တရားရုံးတင်စစ်ဆေးခဲ့ပြီး စွဲချက်များစွာအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

 

အင်္ဂါနေ့တွင် ဘန်ကောက်ရှိ ဒွန်မောင်းလေဆိပ်သို့ သက်ဆင်၏ ကိုယ်ပိုင်ဂျက်လေယာဉ်‌ ဆိုက်ရောက်လာခဲ့သည်။ မေလ အထွေထွေရွေးကောက်ပွဲတွင် ထိပ်ဆုံးမှ အနိုင်ရရှိခဲ့သူကို ထိုင်းနိုင်ငံ စစ်တပ်နှင့် ဘုရင်စနစ်မဟာမိတ်များက စနစ်တကျပိတ်ဆို့ထားသည့်အတွက် ထိုင်းနိုင်ငံတွင် ရှင်းလင်းပြတ်သားသောခေါင်းဆောင်လောင်း မရှိခဲ့ဘဲ မပြီးပြတ်နိုင်ဖြစ်နေသည့် နိုင်ငံရေးအခြေအနေ လပိုင်းကြာနေသည့်အချိန်တွင် ၎င်းပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

 

အစိုးရဖွဲ့စည်းရန်နှင့် ယခုအပတ်တွင် ဝန်ကြီးချုပ်အသစ်ရွေးချယ်ရန်ရှိသည့် ၎င်း၏ပါတီ Pheu Thai ကို ယုံကြည်မှုအတိုင်းအတာမည်မျှ ရှိသည်ကို ၎င်းပြန်လာခြင်းက ဖော်ပြနေခြင်းဖြစ်သည်။ သက်ဆင်၏ အနီးကပ်မဟာမိတ်ဖြစ်သော အိမ်ခြံမြေသူဌေးကြီး Srettha Thavisin ကို Pheu Thai မှ အဆိုပြုတင်သွင်းထားသော်လည်း အင်္ဂါနေ့မဲခွဲမှုတွင် ၎င်း အနိုင်ရ မရဆိုသည်မှာ ရှင်းလင်းမှု မရှိသေးပါ။

 

တနင်္ဂနွေနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သူ Paetongtarn Shinawatra က ၎င်း၏ ဖခင်သည် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် နိုင်ငံရေး၌ပါဝင်မည်မဟုတ်ကြောင်းပြောဆိုခဲ့သည်။ သို့သော် ထိုင်းမဲဆန္ဒရှင်အနည်းကသာ ၎င်းအဆိုကို ယုံကြည်ကြသည်။

 

ဩဇာလွှမ်းမိုးမှုကြီးမားသော အသက် ၇၄ နှစ်အရွယ်ရှိ ဘီလီယံနာသူဌေးကြီး သက်ဆင်သည် Pheu Thai ပါတီတည်ထောင်သူဖြစ်ပြီး ၎င်းပါတီက လမ်းညွှန်မှုခံယူဆဲဖြစ်သည်ဟု ပါတီအဖွဲ့ဝင်များက ပြောသည်။ ထိုင်းနိုင်ငံတွင် သူ၏ သာမန်ပြည်သူအလေးပေးအစီအစဉ်များ အထူးသဖြင့် ၎င်း ဝန်ကြီးချုပ်တာဝန်ယူခဲ့သည့် ၂၀၀၁ နှင့် ၂၀၀၆ ခုနှစ်အတွင်း ၎င်း၏ ၁ ဒေါ်လာ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်နှင့် လယ်သမားများအတွက် ချေးငွေထုတ်ပေးခြင်းအစီအစဉ်တို့ကို ကြိုက်နှစ်သက်သည့် ထိုင်းလူမျိုးအများအပြားရှိသည့်အတွက် ၎င်း၏မူဝါဒများက လူကြိုက်များနေဆဲဖြစ်သည်။

 

သို့သော် လတ်တလောတွင် Pheu Thai ပါတီထောက်ခံသူများအနေဖြင့် အစိုးရသစ်ဖွဲ့စည်းရန်၊ ဝန်ကြီးချုပ်သစ်ရွေးချယ်ရန် စစ်တပ်နှင့်မိတ်ဖက်ပြုခြင်းအပေါ်သစ္စာဖောက်ခံရသည်ဟု ခံစားခဲ့ကြရသည်။

 

ယခုလအစောပိုင်းတွင် Pheu Thai က ၎င်း၏ အဓိက ပူးပေါင်းထားသည့် မိတ်ဖက်ဖြစ်သော မေလက အထွေထွေရွေးကေက်ပွဲအနိုင်ရရှိထားသည့် တိုးတက်သည့် Move Forward ပါတီကို စွန့်ခွာခဲ့သည်။ Move Forward က ရှေးရိုးစွဲမျာနှင့် စစ်တပ်က အလွန်အကြူး ကျောထောက်နောက်ခံပြုထားသည့် အင်အားကြီး ထိုင်းဘုရင်စနစ်ကို ဝေဖန်လျှင် ပြစ်မှုမြောက်သည့် ဥပဒေကို ပြင်ဆင်ရန် ကတိစကားကို ပြန်လည်ရုပ်သိမ်းရန် ငြင်းဆိုခဲ့သည်။

 

Pheu Thai က လွှတ်တော်တွင် စစ်တပ်ကျောထောက်နောက်ခံပြုပါတီများနှင့် မိတ်ဖက်ခြင်းမပြုပါဟု ကတိပြုပြောဆိုခဲ့သည်။

 

သက်ဆင်၏ ဩဇာလွှမ်းမိုးမှုများရှိသော်လည်း ၎င်းတွင် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကကဲ့သို့သော တူညီသည့် ချုပ်ကိုင်နိုင်စွမ်းများ မရှိတော့ပါ။ ငယ်ရွယ်သည့် ထိုင်းမျိုးဆက်တို့က ၎င်းကို အိမ်ပြန်လာရန် အကွက်ရွှေ့နေသည့် ကိုယ်ကျိုးကြည့် နိုင်ငံရေးသမားအဖြစ်သာ ရှုမြင်ကြသည်။ ၎င်းမရှိစဉ်တွင် အသက်ကြီးရင့်သူတို့၏ နိုင်ငံရေး အမြင်မှားမှုများအစား Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကဲ့သို့သော မဲဆန္ဒရှင်တို့အတွက် နှစ်သက်ဖွယ် အခြားသော ဩဇာလွှမ်းမိုးနိုင်သူတို့ ပေါ်ပေါက်လာခဲ့သည်။

 

၂၀၀၈ ခုနှစ်တွင် သက်ဆင်သည် ၎င်း၏ နိုင်ငံရေးမဟာမိတ်များ ရွေးကောက်ပွဲအနိုင်ရစဉ် ခေတ္တပြန်လာခဲ့သေးသည်။ ၎င်းအချိန်အတွင်း ၎င်းနှင့် ဇနီးဟောင်း Potjaman Na Pombejra တို့သည် Ms. Potjaman ကို ရောင်းချခဲ့သည့် မြေရာ အကျိုးစီးပွားပဋိပက္ခအမှုအတွက် တရားရင်ဆိုင်ခဲ့ရသည်။ သူသည် အပြစ်ရှိကြောင်း အမိန့်မချမီတွင် လန်ဒန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

 

ကိုးကား - The New York Times

ပုံစာ အင်္ဂါနေ့တွင် ထိုင်းနိုင်ငံသို့ပြန်လာခဲ့သည့် ၁၅နှစ်ကြာ ကိုယ်တိုင်ပြည်ပြေးခံယူခဲ့သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (Photo: Athit Perawongmetha/Reuters)

 

Burma Associated Press

Thailand
Pheu Thai
Former Prime Minister
Thaksin Shinawatra

Share With
bap-logo