bap-logo
Local News

ကရင်နီ စစ်ဘေးရှောင်စခန်းရှိ ပြည်သူများ ရာသီဥတုဒဏ် ကြောင့် အအေးမိ၊ဖျားနာ

aSWxVAdyD85f_dOVkm8oX-image

လွန်ခဲ့သော ၃ နှစ် က

ကရင်နီ၊ နိုဝင်ဘာ ၂၉

 

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သော ပြည်သူများသည် ရာသီဥတု အအေးဒဏ်ကြောင့် အအေးမိကာ ဖျားနာနေကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီ စောင့်ရှောက်ရေး ကွန်ရက်ထံမှ သိရသည်။

 

အမိုးအကာ မလုံလောက်ဘဲရွက်ဖျင်တဲသာသာရှိသော စစ်ဘေးရှောင်စခန်းများတွင် ပြည်သူများ နေထိုင်နေရပြီး လုံခြုံနွေးထွေးမှုမရှိ၍ ရာသီဥတုအေးသည့်ဒဏ်ကို ကလေးငယ်များနှင့် လူကြီးများ ခံစားရနေကြောင်းသိရသည်။

 

"ကလေးတွေ အအေးပတ်တာနေရာတိုင်းတွေ့ရတယ်။ ဆောင်းရာသီလည်းဖြစ်တော့ တချို့နေရာတွေ တော်တော်အေးတော့ အနွေးထည်မရှိ အမိုးမကာမလုံတော့ အအေးပတ်ကြတယ် ။ နေမကောင်းတာ၊ ဖျားနာတာတွေ ဖြစ်လာတယ် " ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်က တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

ထို့အပြင် စစ်ဘေးရှောင်စခန်းများတွင် ရေရှားပါးလာသဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသော လက္ခဏာများ ဖြစ်ပေါ်လာကြောင်း ၎င်းက ပြောကြားသည်။

 

ကရင်နီပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကွင်းဆင်းရာတွင် စစ်ဘေးရှောင်စခန်းနှင့် ကျေးရွာများတွင် အအေးဒဏ်ကြောင့် လေဖြတ်သွားသူများရှိကြောင်း ဆိုသည်။

 

"တချို့စခန်းမှာ ကလေးငယ်တွေ အာဟာရချို့တဲ့တာတွေ့ရတယ်။ ပိန်လာတာတွေ။ စစ်ဘေး မရှောင်ခင် အရင်ကဘယ်လိုရှိလဲမေးတဲ့အခါ နှိုင်းယှဥ်လိုက်ရင်ပိန်လာတာတွေ့ရတယ်။စခန်း တစ်ခု နှစ်ခုနဲ့ ကျေးရွာ တစ်ရွာ၊ နှစ်ရွာမှာတွေ့ရတယ်" ကွန်ရက်တာဝန်ရှိသူက ပြောသည်။

 

စစ်ဘေးရှောင်စခန်းများတွင် အအေးဒဏ်ကာကွယ်နိုင်မည့်အနွေးထည်များလိုအပ်နေပြီး စားနပ်ရိက္ခာ​၊ ဆေးဝါး များလည်းလိုအပ်လျှက်ရှိကြောင်းသိရသည်။

 

ယခုနှစ်တွင် အထွေထွေအကျပ်အတည်းများကြောင့် လှူဒါန်းမှုနည်းလာပြီး အလှူခံရရှိမှု ၅၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း ကွန်ရက်ထံမှ သိရသည်။

 

ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်စခန်း ၅၀ မှ ၆၀ ကြားရှိပြီး စခန်းတစ်ခုတွင် လူဦးရေ ၁၀၀ မှ ၁၀၀၀ အထိရှိသောစခန်းများပါဝင်သည်။

 

Burma Associated Press

 

Kayah
Health
Refugee

Share With
bap-logo