bap-logo
Politics

၂၀၂၄ ရီပတ်ဘလီကန်သမ္မတကိုယ်စားလှယ်အဖြစ် နစ်ကီဟေလီက ထရမ့်ကို ယှဉ်ပြိုင်မည်

VrQ3y1q2mRMCasmk5ImLt-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၅

 

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း နစ်ကီဟေလီ (Nikki Haley)သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို စိန်ခေါ်ကာ ၂၀၂၄ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

 

"ဝေဖန်သူတွေ၊ သတ္တိကြောင်သူတွေ အမြဲတမ်းရှိနေဦးမှာပါ။ အဲဒီလူတွေက ကျွန်မကို မရပ်တန့်စေခဲ့ပါဘူး။ ဒီအချိန်ဟာ နောက်တွန့်နေရမယ့်အချိန်မဟုတ်ဘူး။ ခိုင်မာအားကောင်းပြီး ဂုဏ်ယူစရာ အမေရိကားဖြစ်အောင် လုပ်ဖို့အချိန်တန်ပြီ" ဟု ဟေလီက သူမ၏ကမ်ပိန်းဗွီဒီယိုတွင် ရေးသားခဲ့သည်။

 

၂၀၂၁ ခုနှစ်တုန်းက အိမ်ဖြူတော်ရာထူးအတွက် သမ္မတထရမ့်ကို စိန်ခေါ်မည်မဟုတ်ကြောင်း ဟေလီက ပြောဆို ခဲ့သော်လည်း နိုင်ငံအတွက် "မျိုးဆက်ခေါင်းဆောင်မှုအပြောင်းအလဲ" လုပ်ဆောင်ရန် လိုအပ်သည်ဟုဆိုကာ မကြာသေးမီလပိုင်းအတွင်း သူမ၏ ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည်။

 

တောင်ကာရိုလိုင်နားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း၊ သမ္မတဒေါ်နယ်ထရမ့် လက်အောက်တွင် ၂၀၁၇ မှ ၂၀၁၈ ခုနှစ်ထိ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဟေလီသည် ဗုဒ္ဓဟူးနေ့ တောင်ကာရိုလိုင်းနားပြည်နယ် ချားလ်စတန်မြို့တွင် မိန့်ခွန်းပြောကြား၍ သူမ၏ မဲဆွယ်စည်းရုံးရေး အစီအစဉ်များကို ချမှတ်ရန် စီစဉ်ထားသည်။

 

အသက် ၅၁ နှစ်အရွယ် ဟေလီသည် အိန္ဒိယရွှေ့ပြောင်းအခြေချလာသူ မိဘများမှ မွေးဖွားလာသူဖြစ်ပြီး ကျား-မရေးရာနှင့် လူမျိုးရေးဆိုင်ရာပြဿနာများကို ပြိုင်ဘက်များထက် ပိုမိုယုံကြည်စိတ်ချရသောပုံစံဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိသည့် ခိုင်မာသောကွန်ဆာဗေးတစ် တစ်ဦးအဖြစ် ရီပတ်ဘလီကန်ပါတီတွင် ကျော်ကြားလာ ခဲ့သည်။

 

၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ၂၀ စော၍ ကြေညာထားခြင်းအားဖြင့် ဟေလီအနေဖြင့် အခြားသော ရီပတ်ဘလီကန် ကိုယ်စားလှယ်များ ပေါ်ထွက်မလာမီ ပြည်သူလူထုအာရုံစိုက်မှုရရှိအောင် ကြိုတင်လုပ် ဆောင်နိုင်မည် ဖြစ်သည်။ တချိန်တည်းတွင် ပြိုင်ဘက်ကို မညှာမတာ တိုက်ခိုက်လေ့ရှိသည့် သမ္မတဟောင်း ထရမ့်၏ ပထမဆုံးပစ်မှတ်လည်း ဖြစ်လာနိုင်သည်။

 

ဟေလီက "ကျွန်မနဲ့ပတ်သက်ပြီး ဒါလေးတော့ သိထားသင့်တယ်။ ကျွန်မက အနိုင်ကျင့်ဗိုလ်ကျတဲ့သူတွေကို သည်းမခံတတ်ဘူး။ ဒေါက်မြင့်ဖိနပ်စီးပြီး နောက်ပေါက်တစ်ချက်လောက် အကန်ခံရရင် ဗိုလ်ကျချင်တဲ့ သူတွေရော မနာဘဲနေပါ့မလား" ဟု သူ့ဗွီဒီယိုထဲတွင် ပြောကြားထားသည်။

 

အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော Reuters/Ipsos စစ်တမ်းတစ်ခုအရ ဟေလီကို ထောက်ခံသည့် ရီပတ်လီကန် ရာခိုင်နှုန်းသာရှိသေးပြီး ထိုအရေအတွက်မှာ ဒေါ်နယ်ထရမ့်ကို ထောက်ခံမှု ၄၃ ရာခိုင်နှုန်းနှင့် နောက်ထပ် သမ္မတလောင်း ဝင်ရောက်အရွေးခံဖွယ်ရှိနေသူ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒက်ဆန်တီ (Ron DeSantis) ကို ထောက်ခံမှု ၃၁ ရာခိုင်နှုန်းထက် များစွာနောက်ကျ ကျန်ရစ်နေသည်ကို တွေ့ရသည်။

 

အခြားသော ဝင်ရောက်အရွေးခံနိုင်ဖွယ်ရှိသူများထဲတွင် အမေရိကန် ဒုသမ္မတဟောင်း မိုက်ပင့်စ် (Mike Pence) တောင်ကာရိုလိုင်းနား အထက်လွှတ်တော်အမတ် တင်မ်စကော့ (Tim Scott) နယူးဟမ်ရှိုင်းယားပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်စုနူနု (Chris Sununu) နှင့် အာကန်ဆပ်ပြည် နယ်အုပ်ချုပ်ရေးမှူးဟောင်း အာဇာဟူ ကိုက်ဆင် (Asa Hutchinson) တို့ ပါဝင်သည်။

 

Ref – Reuters/

 

ပုံစာ။ နစ်ကီဟေလီ

 

Burma Associated Press

American
Election
party
Donald Trump
Nikki Haley

Share With
bap-logo