bap-logo
Politics

မြန်မာစစ်ရှောင်စခန်းတိုက်ခိုက်မှု အမေရိကန်ရှုတ်ချ

QxqvQKc-BTcgYu3Jx1y0A-image

လွန်ခဲ့သော ၂ နှစ် က

မြန်မာနိုင်ငံမှ စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က "စစ်ရေးတိုက်ခိုက်မှု” ပြုလုပ်ခဲ့သည့်အတွက် အရပ်သား အမြောက်အများ သေဆုံးခဲ့ရခြင်းအပေါ် အမေရိကန်နိုင်ငံက ပြစ်တင်ရှုတ်ချလိုက်သည်။

 

ထိခိုက်မှု

တရုတ်နယ်စပ်အနီး စစ်ရှောင်စခန်းတစ်ခုကို မြန်မာစစ်တပ်က အမြောက်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အတွက် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး ၂၉ ဦးသေဆုံးခဲ့သည်ဟု သတင်းအရင်း အမြစ်များက ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

 

အဓိက ပြောကြားချက်များ

 

ကချင်ပြည်နယ် မုန်လိုင်ခက်ကျေးရွာအနီး ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ၏စခန်းကို မြန်မာစစ်တပ်က စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို ကြားသိရသည့်အတွက် ကျွန်ုပ်တို့ နက်ရှိုင်းစွာ စိုးရိမ်မိပါသည်။ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။

 

မြန်မာစစ်အာဏာပိုင်များအနေဖြင့် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်ကစ၍ ထောင်ချီသော အသက်များဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့သော ဆက်လက်တိုက်ခိုက်နေမှုများနှင့် ဒေသတွင်း ပြင်းထန်ဆိုးရွားသည့် လူသားချင်းစာနာမှုအကျပ်အတည်းကို ပိုမိုဆိုးရွားစေရန် ဆက်လက်လုပ်ဆောင်နေသည့်အတွက် ပြင်းထန်စွာ ရှုတ်ချသည်။” ဟုလည်း ဖော်ပြထားသည်။

 

နောက်ခံအကြောင်းအရာ

 

၎င်းတိုက်ခိုက်မှုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုနောက်ပိုင်း အရပ်သား အသေအပျောက်အများဆုံး ဖြစ်စဉ်များအနက် တစ်ခုဖြစ်သည်။

 

မြန်မာစစ်တပ်နှင့် နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားနေသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်သည့် လိုင်ဇာမြို့နှင့် ၃ မိုင် ( ကီလိုမီတာ) နှင့် အကွာအဝေးရှိ စစ်ရှောင်စခန်းကို အမြောက်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

 

လိုင်ဇာမြို့သည် တရုတ်နယ်စပ်နှင့် နီးကပ်ပြီး ရွှေ့ပြောင်းနေထိုင်သူများ၏ စခန်းများ မြို့တွင်းနှင့် မြို့အနီး ဝန်းကျင်တွင် အများအပြားတည်ရှိသည်။

 

ကချင်ပြည်နယ်မှ သန်းခေါင်ယံအချိန် အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုအတွက် စစ်တပ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးတို့ကလည်း ပြစ်တင်ရှုတ်ချထားသည်။

 

ကိုးကား - Reuters

ပုံစာ - ကချင်ပြည်နယ် လိုင်ဇာမြို့အနီး အောက်တိုဘာ ၁၀ ရက် ၂၀၂၃ ခုနှစ်တွင် စစ်တပ်၏ အမြောက်ပစ်ခတ်မှုကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ သေဆုံးခဲ့ရသည့် စစ်ရှောင်စခန်းမှ အပျက်အစီးများကို လူမှုကွန်ရက်ဗီဒီယိုမှ ရုပ်သေဖမ်းယူထားပုံ။ (Photo: Video obtained by Reuters/via REUTERS)

 

Burma Associated Press

American
Kachin
KIO
Airattack

Share With
bap-logo