bap-logo
Editorial

သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ

FZAZ57aw57FpVi89FYF_P-image

လွန်ခဲ့သော ၃ နှစ် က

စစ်အာဏာသိမ်းခြင်းကြောင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးသည် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခြင်းဖြင့် စတင်ခဲ့သည်။ ယင်းကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ မြသွဲ့သွဲ့ခိုင်မှအစပြု၍ အာဏာရှင်စနစ်ဆန့်ကျင်သူ အများပြည်သူများ သွေး မြေကျခဲ့ရသည်။

 

ယင်းအခြေအနေများကြောင့် နိုင်ငံရေးနည်းလမ်းထက် လက်နက်ကိုင်တော်လှန်သော စစ်ရေး နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ခုခံတွန်းလှန်စစ်အဖြစ် အမျိုးသား ညီညွတ်ရေးအစိုးရက ကြေညာခဲ့သည်။

 

စစ်ကောင်စီဖြင့် ဆွေးနွေးရန်အကြောင်းမရှိဟု အတိအလင်းဆိုခဲ့ကြသည်။ ‌"သွေးကြွေးမှာ ဆွေးနွေး စရာမရှိ"ဟု ဟစ်ကြွေးခဲ့ကြသည်။ "သွေးကြွေးမှာဆွေးနွေးစရာမရှိ" စကားသည် နိုင်ငံရေးအရ အလွန် ပြင်းထန်သော စကား၊ တနည်းခံယူချက်ဖြစ်သည်။

 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးမှ ယနေ့အထိ ကျဆုံးသူ ၂၅၀၀ ကျော်၊ ဖမ်းဆီးချုပ်နှောင်ခံရ သူ ၁၃၀၀၀ ကျော်နှင့် သေဒဏ်ကျခံရသူ ၁၃၉ ဦး ရှိသည်ဟု အေအေပီပီ (AAPP)စာရင်းအရ သိရ၏။

 

နေအိမ် နှင့် အဆောက်အအုံ ၄၀၀၀၀ နီးပါး မီးရှို့ဖျက် ဆီးခံရပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၇၀ ရာခိုင်နှုန်းဖြစ်ခဲ့သည်။ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းလည်း ရှိသည်ဟု ISP-Myanmar ၏ စာရင်းများအရ သိရသည်။

 

ယင်းတို့သည် စစ်ကောင်စီ၏ တော်လှန်ရေးအပေါ် သာလွန်အားဖြင့် ဖိနှိပ်ခဲ့ရက်စက်ခဲ့မှု အမှတ်အသားများဖြစ်သည်။ ပြင်းထန်လွန်သော ဖိနှိပ်မှုများတွင် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် တို့အား သေဒဏ်စီရင်ခဲ့လည်းပါဝင်ခဲ့သည် ။ "မလုပ်ရဲတာ ဘာမှ မရှိဘူး"ဟု ပြောခဲ့ဖူးသော အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အများ၏ မေတ္တာရပ်ခံမှုကြားမှ ရက်စက်စွာ စီရင်ခဲ့ခြင်းဖြစ်သည်။

 

ယင်းတို့သည် နွေဦးတော်လှန်ရေးအတွက် ပေးဆပ်ခဲ့ရသော ပေးဆပ်မှုများ၊ တနည်း ရင်းနှီးခဲ့ရသော အရင်း အနှီးများဖြစ်သည်။ သွေးမြေကျခဲ့သော အခင်းဖြစ်ရပ်တို့ကား မနည်းလှပါ။ ထိုသို့ သွေးချွေးများကို ပေးဆပ်‌ခဲ့၊ ပေးဆပ် နေကြဆဲသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရန်ဖြစ်သည်။ စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းပျောက်ဆုံးသွားစေရန်ဖြစ်သည်။

 

သို့သော် လက်နက်ကိုင်တော်လှန်ရေးဟုဆို၍ ခုခံစစ် ကြေညာခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စကို ပထမဆုံး အသံပြုလာသည်။ ယာယီသမ္မတ ဒူဝါလရှီးလက ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

 

လေယာဉ်များကို ပစ်ချနိုင်ပြီး စစ်ရေးတွင် အသာရခဲ့ပါက စစ်ကောင်စီသည် တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းသို့ ရောက်လာမည်ဖြစ်ပြီး ယင်းသို့ ရောက်လာပါက အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က အချက် ၅ ချက်ဖြင့် ဆွေးနွေးမည်ဟု ဆိုသည်။

 

ယင်းအချက် ၅ ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနှင့် နိုင်ငံရေးမှ စစ်တပ်အပြီးအပိုင် စွန့်ခွာရေးတို့ ပါဝင်သည်။ ယင်းနှစ်ခုသည် စစ်ကောင်စီက လိုက်လျောနိုင်မည့် အခြေအနေ မဟုတ်သလို ဖြစ်တန်ချေ အလွန်နည်းသည်။

 

မည်သို့ပင်ဖြစ်စေ။ တွေ့ဆုံဆွေးနွေးကိစ္စရပ်တိုင်းတွင် မဖြစ်မနေထည့်သွင်းရမည်မှာ စစ်ရာဇဝတ်မှုနှင့် ရာဇဝတ် မှုများအတွက် တရားမျှတမှုရရှိရေး၊ ပြစ်ဒဏ်မှ ကင်း လွတ်နေခြင်း မရှိစေရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရေးနှင့် အသက်ပေး၊ ဘဝပေးခဲ့ရသူများ၏ တော်လှန်လိုလားချက် အမြုတေအား လေးစားစေရေးတို့ ဖြစ်သည်။

 

တွေ့ဆုံဆွေးနွေးဟု ဆိုရာတွင်လည်း အမျိုးသားညီ ညွတ်ရေးအစိုးရနှင့် စစ်ကောင်စီတို့ နှစ်ဦးနှစ်ဖက်တွေ့ဆုံ၍ နိုင်ငံရေးအရ၊ အာဏာခွဲဝေရေးအရ ညှိနှိုင်းပြေလည်ရုံ မဟုတ်ပါဘဲ မြန်မာတစ်နိုင်ငံလုံးအရ နိုင်ငံရေးစစ်ရေးအရ ပါဝင်သင့်သူများ အားလုံးပါဝင်ရမည်သာ ဖြစ် သည်။ သို့မှသာ အများပြည်သူလိုလားတောင့်တသည့် ဖက်ဒရယ်ဒီမို ကရေစီစနစ်ကို ထူထောင်နိုင်မည်ဖြစ် သည်။

 

တွေဆုံဆွေးနွေးရေးကို ပြုနိုင်ခဲ့သည့်အခါ စိတ်စေတနာအမှန်ဖြင့် စားပွဲဝိုင်းသို့ စစ်ကောင်စီ ရောက်လာမည် ဟု ယုံကြည်၍ မရနိုင်ပါ။ ထွက်ပေါက်အဖြစ်၊ တင်းအားများလျော့ကျလိုရင်းအဖြစ်သာ အသုံးချကြမည်ဖြစ်သည်။ စစ်တပ်သည် ခေတ်အဆက်ဆက်ထိုသို့ ပြုမူခဲ့သည်သာ ဖြစ်သည်။

 

ထို့ကြောင့် ခေတ်ကာလ၏ တောင်းဆိုချက်အရ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ အမှုအကျင့်အရ ဆွေးနွေးခြင်းသည် အောင်မြင်ရန် အလှမ်းဝေးလှသည်။

လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ပြီးပါမှ တိုက်ပွဲများကို အဆုံးသတ်ဆင်နွှဲရန်သာ အားထုတ် သင့်တော့သည်။

 

စစ်ရေးအရ အောင်နိုင်ခဲ့သည်တွင် တနည်း စစ်ရေး အရ အောင်နိုင်ခဲ့ပါလျှင် စစ်ရာဇဝတ်မှုများအတွက် တရားမျှ တမှုကို ဖော်ဆောင်ရန်သာရှိသည်။ အခြားဆွေးနွေးရန် အကြောင်းမရှိပါ။ ထို့ကြောင့် "သွေးကြွေးမှာ ဆွေးနွေး စရာမရှိ"ဟု အတိအလင်းဆိုချင်ပါသည်။

 

Burma Associated Press

 

Politics
NUG
PDF
protest
MOD

Share With
bap-logo