bap-logo
Politics

မြန်မာလက်နက်ပွဲစားနှင့် ဆက်စပ်သည့် ထိုင်းအထက်လွှတ်တော်အမတ် စွဲချက်တင်ခံရ

EF1m_TP2CjIl9WEuGY-Gi-image

လွန်ခဲ့သော ၂ နှစ် က

ထိုင်းနိုင်ငံ အစိုးရရှေ့နေများက အထက်လွှတ်တော်အမတ်တစ်ဦးကို မူးယစ်ဆေးဝါးကုန်သွယ်မှု၊ ငွေကြေး ခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုတို့အပါအဝင် စွဲချက် ခြောက်ခုဖြင့် စွဲချက်တင်လိုက်သည်ဟု ရှေ့နေချုပ်ရုံး၏ သောကြာနေ့တွင် ရရှိသော ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။

 

ဘန်ကောက်မြို့ရှိ ရာဇဝတ်တရားရုံးသို့ ကြာသပတေးနေ့က လာရောက်စဉ် အထက်လွှတ်တော်အမတ် Upakit Pachariyangkun က စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပြီး ၎င်းကို အာမခံကြေး ဘတ် ၁၀ သန်း (ဒေါ်လာ ၂၈၆,၀၀၀) ဖြင့် လွှတ်ပေးခဲ့သည်။

 

Upakit အမှုသည် အိမ်နီးချင်းမြန်မာနိုင်ငံမှ စစ်တပ်နှင့် အထူးသဖြင့် မင်းအောင်လှိုင်နှင့် နီးစပ်သူဟု သိရှိကြသည့် စီးပွားရေးသမား ထွန်းမင်းလတ်နှင့် ချိတ်ဆက်နေသည်။

 

၎င်းတို့အားလုံး၏အမှုတွင် ပါဝင်သည့် စွဲဆိုမှုမှာ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ရာမှ ရရှိသည့် အမြတ်များကို ထွန်းမင်းလတ်နှင့် Upakit တို့ ထိန်းချုပ်ထားသည့် လျှပ်စစ်ဓာတ်အားကုမ္ပဏီမှတဆင့် ငွေကြေး ခဝါချခြင်းအတွက်ဖြစ်ပြီး Upakit က ၂၀၁၉ ခုနှစ် အထက်လွှတ်တော်အမတ်ဖြစ်လာစဉ် ၎င်းကုမ္ပဏီမှ ပိုင်ဆိုင်မှုများကို ရောင်းချခဲ့သည်။

 

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံတွင် ဒေသတွင်း သုံးစွဲရန်ဖြစ်စေ၊ တဆင့်ပြန်လည်တင်ပို့ရန်ဖြစ်စေ မက်သာဖက် တမင်း ကဲ့သို့သော တရားမဝင်မူးယစ်ဆေးဝါးများကို အဓိက ထုတ်လုပ်သူ၊ တင်ပို့သူဖြစ်သည်။

 

ထိုင်းနှင့် မြန်မာမီဒီယာများက Upakit နှင့် ထွန်းမင်းလတ်တို့သည် မြန်မာနိုင်ငံမှ လောင်းကစားရုံတစ်ခုနှင့် ထိုင်းလျှပ်စစ်ဓာတ်အားကုမ္ပဏီတစ်ခုအပါအဝင် ကုမ္ပဏီအများအပြားတွင် အကျိုးအမြတ်များ ပိုင်ဆိုင်ထား သည်ဟု တင်ပြထားကြသည်။

 

မြန်မာနိုင်ငံမှ လွတ်လပ်သော မီဒီယာများနှင့် တက်ကြွလှုပ်ရှားသူအဖွဲ့အစည်းများက ထွန်းမင်းလတ်သည် စစ်အာဏာရှင်အတွက် လက်နက်ပွဲစားဖြစ်သည်ဟု တင်ပြကြသည်။ အမေရိကန်နိုင်ငံက ထွန်းမင်းလတ်နှင့် ဇနီး၊ စစ်အာဏာရှင်ကို ထောက်ပံ့ပေးနေသည့် ၎င်း၏ ကုမ္ပဏီအများအပြားကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

 

ထွန်းမင်းလတ်ကို ယခင်နှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၌ မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ငွေကြေးခဝါ ချမှုများဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းနှင့်အတူ Upakit ထိုင်း-အမေရိကန် သားမက်ဖြစ်သူ Dean Gultula အပါအဝင် ထိုင်းနိုင်ငံသား သုံးဦးလည်း ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့က ယခုနှစ် ဇန်နဝါရီလတွင် အပြစ် မရှိကြောင်း ထွက်ဆိုခဲ့ပြီး ရုံးတင်စစ်ဆေးရန် ဆက်လက်ထိန်းသိမ်းထားသည်။

 

ထိုင်းနိုင်ငံမူးယစ်ထိန်းချုပ်ရေးအဖွဲ့က Upkit နေအိမ်အများအပြားကို ရှာဖွေခဲ့ပြီး ဘတ် သန်း ၄၀၀ (ဒေါ်လာ ၁၁. သန်း) ကျော် တန်ဖိုးရှိသည့် တရားမဝင် ရယူပိုင်ဆိုင်မှုဟု သံသယရှိသည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်ဟု ပြီးခဲ့သည့် လအနည်းငယ်အတွင်း ကြေညာခဲ့သည်။

 

Upakit အမှုအတွက် တရားရုံးက သက်သေအထောက်အထားများ စစ်ဆေးရန် ကနဦးကြားနာမှု မေလ ၁၃ ရက်တွင် ပြုလုပ်ရန် သတ်မှတ်ထားသည်။

 

ကိုးကား - AP

ပုံစာ - Upakit Pachariyangkun (Photo: Upakit Pachariyangkun Facebook)

 

Burma Associated Press

Thailand
Myanmar
weapon
drug

Share With
bap-logo