bap-logo
Weather

ဘင်္ဂလားပင်လယ်အော်ရှိ အားကောင်းသော မုန်တိုင်းငယ်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်

E1IgFzGY1pQ5yKwkVxbnf-image

လွန်ခဲ့သော ၂ နှစ် က

မေ ၁၀။

ယနေ့မြန်မာစံတော်ချိန် ၁၀ခွဲ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒဌာနကထုတ်ပြန်သည်။

 

အားကောင်းသောမုန်တိုင်းငယ်(Deep Depression) လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်သည်ဟု ဆိုသည်။

 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) အနောက်တောင်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun) တောင်-အနောက် တောင်ဘက် ရေမိုင်( ၅၃၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe) တောင်-အနောက် တောင်ဘက် ရေမိုင် (၇၀၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands) အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်၊ ပို့ပလဲယား (Port Blair) အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar) တောင်-အနောက် တောင်ဘက် ရေမိုင်(၇၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုလည်း မိုးဇလက အသိပေးထားသည်။

 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာ စံတော်ချိန် ၁၀ နာရီခွဲ အချိန်တွင် မြောက်လတ္တီကျု(.)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၈.) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ကြောင်းသိရသည်။

 

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် မနက်ဖြန် မေလ ၁၁ ရက်မှ ၁၅ ရက် အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီး နိုင်သည်ဟုလည်း အသိပေးထားသည်။

 

ထို့အပြင် ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူ များအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားရန်လည်း မိုးဇလက အကြံပြုထားသည်။

 

ဓာတ်ပုံ - မိုးဇလ

 

Burma Associated Press

storm
Myanmar
Weather

Share With
bap-logo