bap-logo
Politics

လာမည့်လတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတ ပူတင် တက်ရောက်ရန် အစီအစဉ် မရှိ

DGRL7m6IC_CWKtJvYsWc5-image

လွန်ခဲ့သော ၂ နှစ် က

နယူးဒေလီတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ ရုရှားကိုယ်စားလှယ်အဖြစ် ၎င်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တနင်္လာနေ့က ဖုန်းပြောဆိုမှုတစ်ခုအတွင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

 

ခေါင်းဆောင်နှစ်ဦးသည် အိန္ဒိယ၊ ရုရှား၊ တရုတ်၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့ပါဝင်သည့် BRICS အဖွဲ့ကို တိုးချဲ့ရန်လည်း ပြောဆိုခဲ့ကြသည်။

 

ပြီးခဲ့သည့် အပတ်က ကျင်းပခဲ့သော တောင်အာဖရိကနိုင်ငံတွင် ကျင်းပသော BRICS ထိပ်သီးအစည်းဝေးတွင် မိုဒီနှင့် ပူတင်နှစ်ဦးလုံး တက်ရောက်ခဲ့သော်လည်း ပူတင်မှာ ယူကရိန်းနိုင်ငံကို စစ်ဆင်နွှဲသည့်အတွက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး International Criminal Court (ICC) မှ ဖမ်းဆီးရန် ဝရမ်းထုတ်ထားသောကြောင့် ဗီဒီယိုမှတဆင့်သာ တက်ရောက်ခဲ့သည်။

 

ICC ၏ စွပ်စွဲမှုများကို ရုရှားနိုင်ငံမှ အပြင်းအထန် ငြင်းဆိုခဲ့သည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကို တက်ရောက်စေမည်ဖြစ်ကြောင်း ပူတင်က မိုဒီကို ပြောကြားသည်ဟု အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရုရှားနိုင်ငံ၏ ဆုံးဖြတ်ချက်ကို နားလည်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ G20 အကြီးအကဲတာဝန်ယူထားစဉ်အတွင်း လုပ်ဆောင်ချက်များကို ရုရှားက စဉ်ဆက်မပြတ်ထောက်ခံသည့်အတွက် ဝန်ကြီးချုပ်က သမ္မတပူတင်ကို ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရုရှားနိုင်ငံသည် ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့ပြီးနောက် အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခံခဲ့ရကာ ဆက်ဆံရေးနွေးထွေးမှု ရှိနှင့်ပြီးဖြစ်သည့် အိန္ဒိယနှင့် ပူးပေါင်းမှု ပိုမိုအားကောင်းစေရန် ကြိုးစားနေခဲ့သည်။ အိန္ဒိယသည် ရုရှားရေနံကို အဓိက ဝယ်ယူသူဖြစ်သည်။

 

မဟာဗျူဟာ မဟာမိတ်အဖြစ် တိုးတက်နေသော ရုရှား-အိန္ဒိယ ဆက်ဆံရေး လက်ရှိအခြေအနေကို ဆင်ခြင်သုံးသပ်ခဲ့ကြောင်း၊ အပြုသဘောဆောင်သော ကုန်သွယ်ရေးနှင့် စီးပွားရေး လှုပ်ရှားမှုများကို ခိုင်မာစေခဲ့ကြောင်း ရုရှားနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံလုံးသည် ယခုလတွင် လစူးစမ်းလေ့လာရေး ပြုလုပ်ခဲ့ကြသော်လည်း အိန္ဒိယနိုင်ငံကသာ လပေါ်တွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကာ ရုရှားအာကာသယာဉ်မှာ ပျက်ကျခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ စက်တင်ဘာ ၁၆ ၂၀၂၂ ခုနှစ် ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand မြို့ တွင် ကျင်းပခဲ့သော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီးအစည်အဝေးမှ Shanghai Cooperation Organization (SCO)

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ရုရှားသမ္မတ ပူတင် (Photo: Sputnik/Alexander Demyanchuk/Pool via REUTERS/File Photo)

 

Burma Associated Press

G20
Russia
Vladimir Putin
Narendra Modi

Share With
bap-logo