bap-logo
Politics

WikiLeaks တည်ထောင်သူ ဂျူလီယန်အက်စ်ဆန်းအပြစ်ရှိကြောင်း ဝန်ခံ၍ ထောင်ဒဏ် မကျခံရစေရေး သဘောတူညီချက်ရ

9ZmfBW40P7GCUH-JPlv4Y-image

လွန်ခဲ့သော တစ်နှစ် က

 

အမေရိကန်အစိုးရ၏ အကြီးမားဆုံး လျှို့ဝှက်အချက်အလက်များ ပေါက်ကြားမှုများအနက် တစ်ခုဖြစ်သော WikiLeaks ကို တည်ထောင်သူ ဂျူလီယန်အက်စ်ဆန်းသည် အပြစ်ရှိကြောင်း ဝန်ခံရန် သဘောတူလိုက်ပြီး တရားရေးဌာနနှင့် သဘောတူညီချက်များအနက် အမေရိကန်ပြည်ထောင်စုတွင် ထောင်ဒဏ် မကျခံစေရေးလည်း ပါဝင်သည်ဟု အသစ်ထည့်သွင်းလိုက်သည့် ဖက်ဒရယ်တရားရုံးစာရွက်စာတမ်းများအရ သိရသည်။

 

သဘောတူညီချက်အသစ်အရ တရားရေးဌာန အစိုးရရှေ့နေများက ၆၂ ပြစ်ဒဏ်ကျခံစေရေး ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းကာလမှာ ဂျူလီယံအက်စ်ဆန်း အမေရိကန်သို့ တရားခံလွှဲပြောင်းမှုကို ဆန့်ကျင်ရင်ဆိုင်နေခဲ့သော လန်ဒန်မြို့ရှိ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်တွင်း ပြစ်ဒဏ်ကျခံခဲ့ရသည့် ကာလနှင့် တူညီသည်။ လျှောက်လဲချက်သဘောတူညီမှုက ၎င်းပြစ်ဒဏ်ကျခံရမှုကို ထည့်သွင်းတွက်ချက်ပေးမည်ဖြစ်ပြီး အက်စ်ဆန်းကို ၎င်း၏ ဇာတိနိုင်ငံ ဩစတြေးလျသို့ ချက်ချင်း ပြန်သွားခွင့်ပြုမည်ဖြစ်သည်။

 

ဂျူလီယန် အက်စ်ဆန်း လွတ်မြောက်ပါပြီ။ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင် Belmarsh မှာ ရက်ပေါင်း ၁၉၀၁ ရက် ကျခံခဲ့ရာကနေ ၂၄ ရက် ဂျွန်လမှာ ထွက်ခွာသွားပါပြီ။

 

 

၎င်းသဘောတူညီချက်ကို ဖက်ဒရယ်တရားသူကြီးက အတည်ပြုရန် ကျန်ရှိသေးသော်လည်း တနင်္လာနေ့ မနက်တွင် အက်စ်ဆန်းကို ယူကေအကျဉ်းထောင်မှ လွှတ်ပေးလိုက်ပြီဖြစ်သည်ဟု WikiLieaks တွင် ဖော်ပြထားသည်။

 

ဂျူလီယန် အက်စ်ဆန်း လွတ်မြောက်ပါပြီ။ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင် Belmarsh မှာ ရက်ပေါင်း ၁၉၀၁ ရက် ကျခံခဲ့ရာကနေ ၂၄ ရက် ဂျွန်လမှာ ထွက်ခွာသွားပါပြီ။ သူ့ကို အာမခံခွင့်ပြုချက် လန်ဒန် အထက်တရားရုံးကနေ ပေးခဲ့ပြီး နေ့လည်က Stansted လေဆိပ်မှာ လွှတ်ပေးလိုက်ပါတယ်။ အဲဒီကနေ လေယာဉ်တစ်စီးနဲ့ ယူကေကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။ဟု WikiLeaks အင်္ဂါနေ့ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

 

၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ် တွင် စစ်ထောက်လှမ်းရေး အကဲဖြတ်ဟောင်း Chelsea Manning ပေးအပ်သော လျှို့ဝှက် စစ်ရေးမှတ်တမ်းများ ဖြန့်ချိမှုဖြင့် ၎င်းကို အမေရိကန်အာဏာပိုင်များက လိုက်လံရှာဖွေနေကြခြင်းဖြစ်သည်။ ၎င်းကို စွပ်စွဲခဲ့သည့် ၂၀၁၉ ခုနှစ် ဆွဲဆိုချက်အရ ထောင်ဒဏ် ၁၇၅ နှစ်(The New York Times က ၁၇၀နှစ် ဟု ဖော်ပြ) ကျခံရဖွယ်ရှိသော ပြစ်မှု ၁၈ ခုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

မစ္စတာ အက်စ်ဆန်းသည် အကျဉ်းခန်းအတွင်း တစ်ရက်လျှင် ၂၃ နာရီ နေရခြင်း၊ တစ်ဦးတည်း အစားစားရခြင်း၊ စာအုပ် ၂၃၂ အုပ်နှင့် အကျဉ်းထောင်ဝန်းအတွင်း တစ်ရက်လျှင် တစ်နာရီသာ လေ့ကျင့်ခန်းလုပ်ရန် ခွင့်ပြုပေးခြင်းတို့ဖြင့် နေထိုင်ခဲ့ရသည်ဟု The Nation တွင် ယခုနှစ် ဖော်ပြချက်အရ သိရသည်။

 

၎င်း၏ ဖျော့တော့သော အသားအရောင်အကြောင်း မေးမြန်းသောအခါ "သူတို့ကတော့ ထောင်အရောင်ဖျော့လေးလို့ ခေါ်တာပဲဗျ။ဟု အရွှန်းဖောက်သည်။ ၎င်းသည် ကြီးကြပ်သူမပါဘဲ အပြင်သို့ လမ်းမလျှောက်ရသည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာပြီဖြစ်သည်။

 

၎င်း၏ အရေးကြီးသည့် အမျိုးသားလုံခြုံရေးသတင်းအချက်အလက်များ ရယူ၊ ဖြန့်ဝေရန် လုပ်ဆောင်အားထုတ်ချက်များသည် အများပြည်သူ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း မစ္စတာ အက်စ်ဆန်းနှင့် ၎င်းကို ထောက်ခံသူများက စောဒတက်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်အရ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်များကို အကွယ်အကွယ်ပြုသည့်အတိုင်း တူညီစွာ အကာအကွယ် ရယူပိုင်ခွင့်ရှိသည်ဟု ၎င်းတို့က ဆိုသည်။

 

အခြေခံ သတင်းလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုကို အမေရိကန်ပြည်ထောင်စုက နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် သူလျှိုဥပဒေနဲ့ ပြစ်ဒဏ် ချမှတ်လိုက်တာပဲ။ ဒီစွဲဆိုချက်တွေနဲ့ စွဲဆိုတာကို ဘယ်တုန်းကမှ မလုပ်သင့်ပါဘူး။ဟု အခြေခံဥပဒေပထမပြင်ဆင်ချက်မှ အရေးများကို အထူးပြုသည့် အကျိုးအမြတ်မယူသော အဖွဲ့ Electronic Frontier Foundation Civil Liberties မှ ညွှန်ကြားရေးမှူး Davide Greene က ပြောသည်။

 

၎င်းကို စွဲဆိုမှုသည် စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် "အပြင်းအထန် ခြိမ်းခြောက်မှု" ဟုခေါ်ဆိုပြီး ၂၀၂၁ ခုနှစ်တွင် အရပ်သား-လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးဆိုင်ရာ စုပေါင်းအဖွဲ့များက ဘိုင်ဒန်အစိုးရကို ၎င်းတို့၏ တရားခံလွှဲပြောင်းရေး အားထုတ်မှုများ၊ တရားစွဲဆိုရေးလုပ်ဆောင်မှုများကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ကြသည်။

 

"သတင်းအဖွဲ့အစည်းများက အများအတွက် အလေးအနက်ထားရမည့် အရေးများကို တင်ပြရန်အတွက် လျှို့ဝှက်သတင်းအချက်အလက်များ ဖော်ထုတ်တင်ပြရန် လိုအပ်ကြောင်း၎င်းအဖွဲ့များက ပြောသည်။

 

အမေရိကန်အရာရှိများကလည်း မစ္စတာ အက်စ်ဆန်း၏ လုပ်ရပ်များသည် အမျိုးသားလုံခြုံရေးကို အန္တရာယ်ကျရောက်စေသည်ဟု ဆိုသည်။

 

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်သော အက်စ်ဆန်းသည် Manning ကို စိစစ်မှု မပြုလုပ်ထားသော အမေရိကန် သံတမန် ဆက်သွယ်ပြောဆိုချက်များ စာမျက်နှာပေါင်း ထောင်ချီ၍ ရယူရန် လှုံ့ဆော်ခဲ့ကြောင်း အမေရိကန်အရာရှိများက စွပ်စွဲထားသည်။ ၎င်းဆက်သွယ်ပြောဆိုချက်များက လျှို့ဝှက်သတင်းရင်းမြစ်များ၊ အီရတ်စစ်ပွဲနှင့် ဆက်စပ်သော သိသာထင်ရှားသည့် လှုပ်ရှားမှု အစီရင်ခံစာများနှင့် ဂွာတာနာမို ပင်လယ်အော်တွင် ထိန်းသိမ်းထားသူများနှင့် ဆက်စပ်သည့် သတင်းအချက်အလက်များကို အန္တရာယ်ကျရောက်စေနိုင်သည်ဟု ၎င်းတို့က ဆိုသည်။

 

၂၀၁၆ ခုနှစ်တွင်လည်း WikiLeaks က Democratic National Committee မှ ခိုးယူထားသော အီးမေးလ် ထောင်ပေါင်းများစွာကို ထုတ်ပြန်ခဲ့သည့်အတွက် ဒီမိုကရက်တစ်ပါတီကို အရှက်ရစေခဲ့ပြီး ဟီလာရီ ကလင်တန်၏ မဲဆွယ်စည်းရံးမှုများကို ထိခိုက်စေခဲ့သည်။

 

လတ်တလော လများအတွင်း ဩစတြေးလျအစိုးရ အရာရှိများက အက်စ်ဆန်းကို ဩစတြေးလျသို့ ပြန်ပို့ရန် သဘောတူညီရေး သမ္မတ ဂျိုးဘိုင်ဒန်ကို အကြုံပြုတိုက်တွန်းခဲ့သည်။

 

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် တရားရေးဌာန အရာရှိများက အက်စ်ဆန်း၏ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံချက်မပါသည့် မည်သည့် သဘောတူညီချက်ကိုမဆို ဆန့်ကျင်ကြောင်း ၎င်းအရေး သိရှိသူများက CNN ကို ပြောသည်။

 

ပြီးခဲ့သည့်လက ယူကေတရားရုံးက အက်စ်ဆန်းသည် အမေရိကန်သို့ တရားခံလွှဲပြောင်းရေးကို ဆန့်ကျင်မှုအတွက် လျှောက်လဲချက် တင်ရန် အခွင့်အရေးရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ ၎င်းအပေါ် စွပ်စွဲချက်များအတွက် အမေရိကန်ပြည်ထောင်စုတွင် တရားစီရင်မခံရရေး နှစ်ချီကြာမြင့်ခဲ့သော ဆန့်ကျင်ရင်ဆိုင်မှု အောင်မြင်ကာ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

 

မစ္စတာ အက်စ်ဆန်း၏ ဥပဒေအဖွဲ့တွင် ပါဝင်လာပြီးနောက် ၎င်းနှင့် လက်ထပ်ခဲ့သော မစ္စ အက်စ်ဆန်းက အင်္ဂါနေ့အစောပိုင်းတွင် Belmarsh အကျဉ်းထောင်ပြင်ပတွင် ဗီဒီယိုရိုက်ကူး၍ လူမှုမီဒီယာတွင် ထုတ်လွှင်ခဲ့ရာကျွန်မတို့ ဘဝတွေရဲ့ ဒီကာလဟာ အဆုံးသတ်တစ်ခုကို ရောက်ရှိလာပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ ဂျူလီယန်ရဲ့ လွတ်မြောက်မှုနဲ့အတူ အခု စတင်မှာကတော့ ကဏ္ဍအသစ်တစ်ခုပဲ ဖြစ်ပါတယ်။ဟု ပြောသည်။

 

ကိုးကား - CNN The New York Times

 

ပုံစာ - ၂၀၁၉ ခုနှစ် လန်ဒန် တရားရုံးတစ်ခုမှ ထွက်ခွာလာသော WikiLeaks တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း။ (Matt Dunham/Associated Press)

 

Burma Associated Press

American
WikiLeaks
Julian Assange

Share With
bap-logo