bap-logo
Local News

မြန်မာစစ်‌ဘေးရှောင်များကို ဖမ်းဆီးခြင်း မပြုရန် အိန္ဒိယဗဟိုအစိုးနှင့် ပြည်နယ် အစိုးရထံ တောင်းဆို

76yTVQJkYdd2wrW5YbsIw-image

လွန်ခဲ့သော ၂ နှစ် က

မဏိပူရ၊ မတ် ၂

 

ဒေသတွင်း စစ်ပွဲကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်းထဲသို့ နယ်စပ်ဖြတ်ကျော်တိမ်း‌ရှောင်လာသော မြန်မာ စစ်ဘေးရှောင်များကို ဖမ်းဆီးထောင်ချအရေးယူခြင်း မပြုရန် တော်လှန်ရေးအင်အားစု ၉၄ ဖွဲ့က အိန္ဒိယနိုင်ငံ ဗဟိုအစိုးရနှင့် မဏိပူရပြည်နယ်အစိုးရထံ ယနေ့ တောင်းဆိုလိုက်သည်။

 

မြန်မာပြည်မှ နေရပ်စွန့်ခွာစစ်ဘေးရှောင်လာသူများ၏ အခက်အခဲများကို လူသားချင်းစာနာ ထောက်ထားမှု အနေဖြင့် မဏိပူရပြည်နယ်တွင်ယာယီနေထိုင်ခွင့်ပေး၍ စစ်ဘေးရှောင် အသိအမှတ် ပြုကဒ်များ ထုတ်ပေး၍ သွားလာနေထိုင်ခွင့်ပြုရန် တောင်းဆိုထားခြင်းဖြစ်သည်။

 

စစ်ကောင်စီ၊ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်မများ၏ ရက်စက်ကြမ်းကြုတ်မှုများ ရင်ဆိုင်ရသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ အများစုသော ဒေသခံအမျိုးသမီးများ၊ ကလေးသူငယ်များ အပါအဝင် သက်ကြီးရွယ်အိုများသည် အိန္ဒိယနယ်စပ်တစ်လျှောက်ရှိမြို့ငယ်များသို့ ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်သည်။

 

ယင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာစစ်ဘေးရှောင်များကို မဏိပူရ ပြည်နယ်အစိုးရမှ ဖမ်းဆီးအရေး ယူမှုများရှိနေပြီး အင်ဖာထောင်တွင် ချုပ်နှောင်ထားလျက်ရှိသည်

 

ထိုသို့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖာထောင်တွင် ဖမ်းဆီးချုပ်နှောင်အ‌ခံထားရသူများအနက် စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ၃၂ နှစ်အရွယ်ရှိ ဒဲမ်ခိုလွန်သည် ထောင်တွင်း ရုတ်တရက်သေဆုံးခဲ့ရသဖြင့် အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တရားမျှတရေးအတွက် စုံစမ်းစစ် ဆေးပေးရန် တော်လှန်ရေးအင်အားစု ၉၄ ဖွဲ့က တောင်းဆိုထားသည်။

 

စစ်ဘေးရှောင်မြန်မာပြည်သူ ၂၀၀ ခန့်သည် မဏိပူရပြည်နယ်က ခိုးဝင်နိုင်ငံခြားသားအက်ဥပဒေ ပုဒ်မ ၁၄ ဖြင့် ဖမ်းဆီးခံရကာ ယင်းတို့တွင် အသက်မပြည့်သေးသူ ၁၅ ဦး၊ သက်ကြီးရွယ်အို ၁၀ ဦး အပါအဝင် အမျိုးသမီး ၃၀ ဦး ရှိနေကြောင်းသိရသည်။

 

 

ပုံစာ။ ချင်းဒေသ စစ်ဘေးရှောင်များကို တွေ့ရစဉ် ( ပုံဟောင်း)

ဓာတ်ပုံ ။ AFP

Burma Associated Press

 

Sagaing
Women
India
humanitarian assistance
Chin
Refugee
Children

Share With
bap-logo