bap-logo
Politics

ကက်ရှ်မီးယားဒေသ သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ ဆောင်းပါးရေးသည့် BBC ကို အိန္ဒိယရဲတပ်ဖွဲ့ ပြစ်တင်

2jmF7r2DnLz5pcCYHlLvu-image

လွန်ခဲ့သော ၂ နှစ် က

အငြင်းပွားနယ်မြေတွင်းမှ မီဒီယာဖြိုခွင်းမှုအကြောင်း သတင်းတင်ဆက်ခဲ့သည့် ဗြိတိသျှရုပ်သံဌာနကို ဥပဒေအရ အရေးယူမည်ဟု ကက်ရ်ှမီးယားဒေသ အိန္ဒိယအုပ်ချုပ်သည့်နယ်မြေမှ ရဲတပ်ဖွဲ့က ခြိမ်းခြောက်လိုက်သည်။

 

မူဆလင်အများစုရှိသည့် ဒေသမှ သတင်းစာလွတ်လပ်ခွင့်အကြောင်း ဖြန့်ဝေသည့် BBC ဆောင်းပါး တစ်ပုဒ်နှင့် ပတ်သတ်၍ ကက်ရ်ှမီးယားဒေသ အိန္ဒိယအုပ်ချုပ်သည့်နယ်မြေမှ ရဲတပ်ဖွဲ့က "ပြင်းထန်စွာ ကန့်ကွက် ကြောင်း”၊ ၎င်းတို့၏ ဆောင်းပါးတွင် "မျှတမှုမရှိဘဲ ဝေဖန်မှု”အတွက် ဥပဒေအရ အရေးယူရန် ခြိမ်းခြောက်လိုက်သည်။

 

"ဘယ်သတင်းမဆို သင့်ရဲ့ နောက်ဆုံးသတင်း ဖြစ်သွားနိုင်တယ်”

 

ဗြိတိသျှရုပ်သံဌာနသည် အိန္ဒိယ၏ ကက်ရ်ှမီးယား စာနယ်ဇင်းကဏ္ဍကို ဖြိုခွင်းမှုနှင့် ပတ်သတ်၍ "ဘယ်သတင်းမဆို သင့်ရဲ့ နောက်ဆုံးသတင်း ဖြစ်သွားနိုင်တယ်။” ဟု ခေါင်းစဉ်တပ်ရေးသားခဲ့ခြင်းဖြစ်ပြီး သောကြာနေ့တွင် ဖြန့်ဝေခဲ့သည့် ၎င်းဆောင်းပါးတွင် ကက်ရ်ှမီးယားဂျာနယ်လစ်အများအပြားကို အာမခံရရန်ရန် ခက်ခဲသည့် "အကြမ်းဖက်မှု” စွပ်စွဲချက်ဖြင့် ထောင်ချခဲ့သည့် ဖြစ်စဉ်အကြောင်း အဓိက ဖော်ပြထားခြင်း ဖြစ်သည်။

 

အစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ဂျာနယ်လစ်များအပေါ် နေ့စဉ် နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှုများ အကြောင်းလည်း မှတ်တမ်းတင်ခဲ့သည်။

 

ဆောင်းပါးသည် J&K ရဲတပ်ဖွဲ့၏ တရားဥပဒေထိန်းသိမ်းရေး၊ လုံခြုံရေးလုပ်ဆောင်ချက်များအတွက် အားထုတ်မှုများကို မျှတမှုမရှိဘဲ ဝေဖန်ထားပြီး ဂျာနယ်လစ်များဘက်သို့ တစ်ဖက်စောင်းနင်း ဖော်ပြထားကြောင်းJammu and Kashmir ရဲတပ်ဖွဲ့က X (ယခင် တွစ်တာ) တွင် ဖော်ပြထားသည်။

 

ရဲတပ်ဖွဲ့က BBC မြေပြင် အခြေအနေကို လွဲမှားစွာ တင်ပြရန် ကြိုးပမ်းမှုအတွက် "ပြစ်တင်ရှုံ့ချကြောင်း” နှင့် ၎င်းတို့သည် "လုပ်ငန်းပိုင်းဆိုင်ရာ စံနှုန်းများ အမြင့်ဆုံးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။

 

ကက်ရ်ှမီးယားသတင်းဌာန The Kashmir Walla က အိန္ဒိယအာဏာပိုင်များသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်ကို အသုံးမပြုနိုင်ရန် ပိတ်ဆို့ခဲ့ကြောင်း ပြောဆိုပြီးနောက် BBC နှစ်ချီပြုလုပ်ခဲ့သည့် စုံစမ်းထောက်လှမ်းမှု သတင်းအစီရင်ခံစာကို ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

 

အိန္ဒိယ ဟိန္ဒူ အမျိုးသားရေး အစိုးရက ၂၀၁၉ ခုနှစ်တွင် ကက်ရ်ှမီးယားမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ် တစ်ဒေသရရှိမှုကို ဖျက်သိမ်းလိုက်ခြင်းဖြင့် ဒေသတွင်း အငြင်းပွားမှုကို နိုင်ငံ၏ ကျန်ဒေသများသို့ပါ ဆွဲသွင်း ပါဝင်စေခဲ့ပြီးနောက် ကက်ရ်ှမီးယားဂျာနယ်လစ်အတော်များများ ဖမ်းဆီး စစ်ဆေးခံခဲ့ရသည်။

 

ဟိမဝန္တာဒေသတွင် အိန္ဒိယဆန့်ကျင်မှု အမြင်များ မြင့်မားပြီး ၁၉၈၀ ခုနှစ်များတွင် သွေးထွက်သံယို ပုန်ကန်မှုအထိ ဖြစ်ပေါ်ခဲ့သည်။ ပုန်ကန်သူများက ကက်ရ်ှမီးယားအတွက် လွတ်လပ်ရေး ရယူခြင်း သို့မဟုတ် အိမ်နီးချင်း ပါကစ္စတန်နှင့် ပူးပေါင်းခြင်းတို့ ပြုလိုကြသည်။

 

ပါကစ္စတန်က ပုန်ကန်သူတို့ကို ထောက်ခံသည်ဟု အိန္ဒိယက စွပ်စွဲခဲ့ပြီး ပါကစ္စတန်ကလည်း ငြင်းဆိုခဲ့သည်။

 

အိန္ဒိယအစိုးရက ၂၀၁၉ ခုနှစ် အရေးယူ လုပ်ဆောင်ချက်သည် အိန္ဒိယနှင့် ပါကစ္စတန်တို့နှစ်နိုင်ငံလုံးက ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် ၎င်းဒေသတွင်းမှ "အကြမ်းဖက်မှု” ကို အမြစ်ဖြတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ ၁၉၄၇ တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရစဉ်က စပြီး စစ်ပွဲ သုံးကြိမ်အထိ ၎င်းနှစ်နိုင်ငံအကြား ဖြစ်ပွားခဲ့သည်။

 

BBC က ဆောင်းပါးအတွက် ၎င်းတို့၏ သတင်းထောက်များသည် နှစ်ဒါဇင် မကသော ကက်ရ်ှမီးယား ဂျာနယ်လစ်များနှင့် စကားပြောဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။ ၎င်းတို့တွင် လွတ်လပ်သည့် သတင်းဌာနများနှင့် နိုင်ငံပိုင်မီဒီယာအဖွဲ့အစည်းများမှ အယ်ဒီတာများနှင့် သတင်းထောက်များ ပါဝင်သည်။

 

ဒေသတွင်း စာနယ်ဇင်းများအပေါ် ယုတ်ညံ့ပြီး စနစ်တကျ လှုံ့ဆော်မှုများ လုပ်ဆောင်နေသည်ဟု အိန္ဒိယ အစိုးရအပေါ် စွပ်စွဲချက်များနှင့် ပတ်သတ်၍ BBC က တစ်နှစ်မက စုံစမ်းစစ်ဆေးခဲ့ကြောင်း” ၎င်းရုပ်သံဌာနမှ ပြောကြားခဲ့သည်။

 

ကျွန်ုပ်တို့သည် ဂျာနယ်လစ်များနှင့် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့က လက်တုံ့ပြန်ခံရမည်ကို စိုးရွံ့၍ ၎င်းတို့၏ အမည်များကို ဖုံးကွယ်ပေးထားရန် တောင်းဆိုခဲ့ကြောင်း” လည်း ပြောဆိုသည်။

 

၎င်းတွေ့ဆုံမေးမြန်းခဲ့သမျှ ဂျာနယ်လစ်အားလုံးက ပြောကြားသည်မှာ အစိုးရ၏ မီဒီယာဝန်ထမ်းများကို မြင်သမျှ မစုံစမ်း မစစ်ဆေးဘဲ ဖမ်းဆီးခြင်းသည် ဂျာနယ်လစ်အားလုံးကို "သတိပေးချက်” ပေးပို့လို၍ ဖြစ်သည်ဟု ပြောကြားကြသည်။

 

ယူကေသတင်းဌာန၏ အထူးဖော်ပြမှုခံရသည့် ဖြစ်စဉ်တစ်ခုမှာ Srinagar အခြေစိုက် အင်္ဂလိပ် မဂ္ဂဇင်းတစ်စောင်မှ လက်ထောက် အယ်ဒီတာ Aasif Sultan အကြောင်း ဖြစ်သည်။

 

Sultan သည် ၂၀၁၈ ခုနှစ် ဩဂုတ်လကတည်းက ဥပဒေနှင့် မညီသော လုပ်ဆောင်ချက် (ကာကွယ်ရေး) ဥပဒေ သို့မဟုတ် UAPA ဖြင့် "စစ်သွေးကြွများဟု သိရှိထားသူများကို အကာအကွယ်ပေးခဲ့သည်" ဟု စွပ်စွဲကာ ၎င်းက ငြင်းပယ်ခဲ့သော်လည်း ထောင်ချခံခဲ့ရသည်။

 

သူ့ကို လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုနှင့် အခြားရာဇဝတ်မှုများနှင့်လည်း စွဲချက်တင်ခဲ့သည်။

 

ယမန်နှစ် ဖေဖော်ဝါရီလက အိန္ဒိယရဲတပ်ဖွဲ့၏အကြမ်းဖက်မှု တိုက်ဖျက်ရေး” ဥပဒေဖြင့် ဖမ်းဆီးခံရသူ The Kashmir Walla တည်ထောင်သူ အယ်ဒီတာ Fahad Shah သည်လည်း ထိန်းသိမ်းခံထားရကြောင်း သတင်းအစီရင်ခံမှုတွင် အသေးစိတ် ဖော်ပြထားသည်။

 

သူ့ကို "အကြမ်းဖက်မှု အားပေးချီးမြှောက်ခြင်း” "သတင်းအတုများ ဖြန့်ဝေခြင်း”ဖြင့် စွပ်စွဲခံခဲ့ရသည်။ ကက်ရ်ှမီးယားရဲတပ်ဖွဲ့က ၎င်းတို့၏ X မှ ဖော်ပြချက်တွင် Shah ဖမ်းဆီးခံရမှုကို ခုခံကာကွယ် ဖော်ပြထားသည်။

 

ဖော်ပြပါ အမှုဖြစ်စဉ်များမှ Fahad Shah နှင့် သက်ဆိုင်သည့် အမှုတစ်ခုကို စစ်ဆေးနေပြီဖြစ်ကြောင်း၊ အကြမ်းဖက်မှု လိုလားသူများအတွက် အကြမ်းဖက်ဝါဒ ထောက်ခံအားပေးသည့် နေရာပေးခြင်း (၎င်းတို့၏ သတင်းဌာနမှ ဖော်ပြပေးခြင်း) ပြုလုပ်သည်ဟုဆိုကာ UAPA ဥပဒေအရ ၎င်းအပေါ် ပြစ်ဒဏ်ပင် ချမှတ်ရန် စီစဉ်ပြီးကြောင်း” ရဲတပ်ဖွဲ့က ပြောသည်။

 

ဂျာနယ်လစ်များ ကာကွယ်ရေး မီဒီယာစောင့်ကြည့် ကော်မတီက ၁၉၉၂ နှစ်မှ စတင် ရေတွက်လျှင် အိန္ဒိယ၌ ဂျာနယ်လစ် ၆၂ ဦး ၎င်းတို့၏ အလုပ်နှင့် ဆက်နွယ်၍ သတ်ဖြတ်ခံခဲ့ရသည်ဟု ယခုနှစ်တွင် ဖော်ပြထားသည်။

 

ကက်ရ်ှမီးယားရှိ အိန္ဒိယအုပ်ချုပ်သည့်ဒေသတွင် ယမန်နှစ်က ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် အင်တာနက်ဖြတ်တောက်မှုများ ပိုမိုကြုံတွေ့ခဲ့ရသည်ဟု VPN ဝန်ဆောင်မှုလုပ်ငန်း Surfshark က ဖော်ပြထားသည်။

 

၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ် မိုဒီ အာဏာရပြီးနောက်မှ စတင်ကာ အိန္ဒိယသည် စာနယ်ဇင်းလွတ်လပ်ခွင့် ကျဆင်းလာခဲ့သည်။ နိုင်ငံပေါင်း ၁၈၀ တွင် အိန္ဒိယသည် ၁၆၁ သို့ အဆင့်ကျသွားခဲ့သည်။

 

၂၀၀၂ ခုနှစ် ဂူဂျာရတ် ပြည်နယ်မှ လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့သည့် အဓိကရုဏ်းအတွင်း မိုဒီ၏ အခန်းကဏ္ဍကို မေးခွန်းထုတ်ထားသည့် BBC ရုပ်သံမှတ်တမ်းကို ယခုနှစ်တွင် ထုတ်လွှင့်ခဲ့ပြီးနောက် ၎င်းဌာန၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရသည်။

 

ကိုးကား - Al Jazeera

ပုံစာ - BBC အစီရင်ခံစာတွင် အလေးပေးဖော်ပြခံရသည့် ဖြစ်စဉ်များအနက် တစ်ခုဖြစ်သော ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ဖမ်းဆီးခံခဲ့ရသည့် Kashmir Narrator မဂ္ဂဇင်း၏ ဒေသဆိုင်ရာ ဂျာနယ်လစ်နှင့် လက်ထောက်အယ်ဒီတာ Aasif Sultan (Photo: File: Saqib Majeed/SOPA Images/LightRocket via Getty Images)

 

India
Press Freedom
Kashmir

Share With
bap-logo