bap-logo
Opinion

ရယ်စရာပြက်လုံးအဖြစ်တောင် မမျှဝေသင့်တဲ့ စစ်ကောင်စီ ဝါဒဖြန့်မှု

-dEEu2AFBi_5VuW8_QaET-image

လွန်ခဲ့သော ၃ နှစ် က

နိုဝင်ဘာ ၁၄။

 

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဘက်ပေါင်းစုံအင်အားကောင်းတာနဲ့အမျှ အာဏာသိမ်းစစ်တပ်ရဲ့ ဘက်တော်သား တွေဟာ ဆိုရှယ်မီဒီယာမှာ နည်းပေါင်းစုံနဲ့ ဝါဒဖြန့်လာကြတာကိုတွေ့ရမှာပါ။

 

သိသိသာသာ ဝါဒဖြန့်မှုတွေရော မသိမသာ ဝါဒဖြန့်မှုတွေက အရင် အာဏာသိမ်းကာစထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာတာရှိပါတယ်။

 

အထူးသဖြင့် ပြီးခဲ့တဲ့ အောက်တိုဘာလက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ဝါဒဖြန့် ယန္တယားက ပိုပြီး လှုပ်ရှားလာပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး အရှိန်ပြင်းထန်လာတာနဲ့အညီ စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်ချိ ဆိုရှယ်မီဒီယာတွေက KIA နဲ့ မြောက်ပိုင်း မဟာမိတ်တွေကို ဦးတည်တိုက်ခိုက် ဝါဒဖြန့်မှုတွေ မြင့်တက်လာတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS) ကဆိုပါတယ်။

 

အခုတပတ်ထဲမှာကိုပဲ တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်တိုက်ခိုက်ခဲ့ရာမှာ နာမည်ကြီးတဲ့ လော်ဘီ ချန်နယ် () ခုနဲ့ သတင်းချန်နယ် () ခုတို့ကနေ ဝါဒဖြန့်ပို့စ်ပေါင်း (၁၇၁) ခုထိရှိခဲ့တယ်လို့ BACS ကဆိုပါတယ်။

 

BACS အဖွဲ့က ၂၀၂၃ ဇန်နဝါရီလမှ မတ်လအထိ သုံးလတာအတွင်း စောင့်ကြည့် မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာအရ ၎င်းတို့အချင်းချင်း ချိတ်ဆက်အလုပ်လုပ်နေတဲ့ စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ် ၄၀ ကျော်ရှိနေပါတယ်။

 

စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေအနက် Fifty Two News, Myanmar Update News, Myanmar Hard Talk, Myanmar Nation Post, News of Myanmar, People Media, Han Nyein Oo, Shwe Ba, Ko That, Ba Nyunt, Kyaw Swar, Thazin Oo, သတင်းစိစစ်ရေး စတဲ့ ချန်နယ်တွေကို BACS က စောင့်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။

 

BACS လေ့လာမှုအရ ထိုချန်နယ်တွေမှာ စစ်ကောင်စီ၏ လှုပ်ရှားမှုဆိုင်ရာ ဝါဒဖြန့်ချိ သတင်းတွေ၊ NUG, PDFနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ERO) ကို ပုံဖျက်တိုက်ခိုက်တဲ့ သတင်းတွေ အများဆုံးဖော်ပြလေ့ ရှိတယ်လို့ ဆိုပါတယ်။

 

BACS စောင့်ကြည့်ကာလ သုံးလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို စစ်ကောင်စီ ယန္တယားတွေကနေ ဝါဒဖြန့် တိုက်ခိုက်တဲ့ အကြိမ်အရေ အတွက် ၈၀၀ ကျော် ပြုလုပ်ခဲ့တယ် လို့ဆိုပါတယ်။

 

ဒါတွေက ပေါ်ပေါ်တင်တင် ဝါဒဖြန့်ထားတဲ့ ယန္တယားတွေဖြစ်ပြီး လူတွေ သတိမမူမိတဲ့ ဝါဒဖြန့်မှုတွေလည်း ရှိနေပါသေးတယ်။

 

အဲဒီထဲမှာ သတင်းမီဒီယာသမား အမည်ခံ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း အချို့ကတော့ အမှန်နဲ့အမှားကို ရောထွေပြီး ဟုတ်သယောင်ယောင် ပြောဆိုကြတာတွေလည်း ပါဝင်နေပါတယ်။

 

သတင်းမီဒီယာအမည်ခံ လော်ဘီတွေရဲ့ စစ်ရေးဆိုင်ရာ ပြောဆိုသုံးသပ်ချက်တွေဟာ ယုတ္တိမရှိသလို မြေပြင် အခြေအနေနဲ့လည်း အတော်လေးကို ကွဲပြားနေပါတယ်။

 

သတင်းသမားအမည်ခံထားတဲ့ သူတို့ဟာ အာဏာသိမ်းစစ်တပ်ကို ပေးထား ချက်တွေထဲကနေပဲ ဝေဖန်ကြပြီး နောက်ဆုံးမှာတော့စစ်တပ်ဟာ အရာ အားလုံးကို စွမ်းဆောင်နိုင်တယ်စစ်တပ်က အရပ်သားတွေကို အကြမ်းဖက် မှုတွေ ဆက်လုပ်ဖို့နဲ့စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ လုပ်သင့်လို့လုပ်တာဆိုတဲ့ဘက်ကိုပဲ မသိမသာ ရောက်ရောက် သွားကြပါတယ်။

 

စစ်ပွဲဆိုတာကို ရုပ်ရှင်ထဲလောက်မြင်ဖူးပြီး စစ်သားကို နေပြည်တော်မှာပဲ တွေ့ဖူးတဲ့လူပုဂ္ဂိုလ်အချို့ရဲ့ ဒီလိုပြောဆို ချက်တွေကိုပဲ စစ်အာဏာရှင် ဆန့်ကျင်ရေးဘက်တော်သားအချို့က ရယ်စရာပြက်လုံးတစ်ခုအနေနဲ့ လူမှုကွန်ရက်မှာ မျှဝေကြတာလည်းရှိပါတယ်။

 

မည်သို့မည်ပုံ ပြန့်နှံ့သည်ဖြစ်ပါစေ ဒီလို ပြန့်နှံ့သွားတာကိုလည်း ဝါဒဖြန့်သူတွေက နှစ်ကြိုက်ကြပါတယ်။

 

သူတို့ ပြောသမျှ အမှန်တဝက်ပါတဲ့ မုသားတွေဟာ ပြက်လုံးတွေ ဖြစ်ပါစေဦးတော့ ဒီလိုပုံနဲ့ များများ ပြန့်နှံ့သွား ရင်လည်း သူတို့အသံကို လူတွေများများ ကြားရတယ်ဆိုပြီး ရည်ရွယ်ထားတာမို့ပါ။

 

ဒါကြောင့် စစ်လော်ဘီတွေရဲ့ ဝါဒဖြန့်မှုတွေ သတိထားရှောင်ကြဉ် ဖို့လိုပါတယ်။ ဆိုရှယ်မီဒီယာမှာ ဝါဒဖြန့် နေတာကို မြင်ရင် ကျော်လိုက်ပါ၊ ဝင်မကြည့်ပါနဲ့၊ မတော်တဆကြည့်ခဲ့မိရင်လည်း အပြောင်အပြက် အနေနဲ့ တောင် ထပ်ပြီး မမျှဝေဖို့ လိုအပ်နေပါတယ်။

 

ဒီလိုနည်းနဲ့သာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားကို နှေးကွေးအောင် လုပ်နိုင်ပါလိမ့်မယ်။

 

Burma Associated Press

SAC
Telegram
Burma Affairs & Conflict Study
Propaganda

Share With
bap-logo